ချယ်လ်ဆီး အသက်လက်တီကိုအသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ တိုက်စစ်မှူး ဒီယေဂို ကော်စတာကတော့ လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေချိန် သူရဲ့မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးလ်ကိုသာ ပြန်သွားတော့မှာပဲ ဖြစ်ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ်နွယ်ဖွား စပိန် ဝါရင့် တိုက်စစ်ကစားသမားကြီး ဒီယေဂို ကော်စတာဟာ လာလီဂါမှာ ပွဲပေါင်း (၂၀၀)ကျော် ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၁၀၀)ကျော်အထိ ပါဝင်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : CNN

စီနီယာ ကစားသမားဘဝကို ပေါ်တူဂီကလပ် စပို့တင်း ဘရာဂါမှာ စတင်ခဲ့ရင်း အဲ့ဒီကမှ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာတဲ့ ကော်စတာဟာ အသက်လက်တီကိုရဲ့ အဓိက ကစားသမား မဖြစ်လာခင် အသင်းအနည်းငယ်မှာ အငှားနဲ့ ကျင်လည်ခဲ့ရသလို ဗယ်လာဒိုးလစ်ဆီလည်း အပြီးသတ် ပြောင်းခဲ့ပြီးမှ အသက်လက်တီကိုထံ ပြန်ရောက်လာခဲ့ပါတယ်။

အသက်လက်တီကိုဆီ ဒုတိယအကြိမ် ပြန်ရောက်လာချိန်မှာတော့ ကော်စတာဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ၂၀၁၃-၁၄ ရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံ (၃၆)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် သူ့ကို ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်ဖြစ်ခဲ့ပါတယ်။

ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် လာလီဂါဖလား (၂)ကြိမ် ယူရိုပါလိဂ်ဖလား (၁)ကြိမ် နဲ့ ဥရောပစူပါဖလား (၃)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ကော်စတာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့ပေမယ့် ကံဆိုးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : ESPN Brasil

အသက်လက်တီကိုအသင်းမှာ (၃)ကြိမ်အထိ ပါဝင်ခဲ့တဲ့ ကော်စတာဟာ အသက်လက်တီကိုနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ်ကို ပြန်သွားခဲ့ပြီး မင်နဲရိုးလ်အသင်းနဲ့ လက်တွဲခဲ့သလို ဘိုတာဖိုဂိုအသင်းဆီလည်း ပြောင်းရွှေ့ခဲ့ပါသေးတယ်။

အခုတော့ ကော်စတာဟာ အသင်းလက်မဲ့ ကစားသမား ပြန်ဖြစ်သွားတာကြောင့် ကော်စတာအနေနဲ့ သူ့စိတ်ကြိုက် ကလပ်အသင်းဆီကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့နိုင်မှာ ဖြစ်ပေမယ့် ကော်စတာကတော့ ဘရာဇီးလ်မှာသာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ စဉ်းစားထားပြီး ပါးလ်မီးရပ်စ်အသင်းနဲ့လည်း တိုက်ရိုက် ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။