စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ မန်ဖစ် ဒီပိုင်းက သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းကာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လိုင်ယွန်ကနေ ဘာစီလိုနာထံ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေပါသေးတယ်။

Photo Credit: Metro

မန်ဖစ် ဒီပိုင်းက ဘာစီလိုနာဆီ ပြောင်းရွှေ့လာပြီးချိန်မှာ အသင်းရဲ့ ကျောနံပါတ်၉ကို အရယူခဲ့သလို မက်ဆီ မရှိတော့တဲ့နောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်ပေးခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူခဲ့ပြီးနောက် ဒီပိုင်းရဲ့ ကျောနံပါတ်၉ကိုပါ လီဝမ်ဒေါစကီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီပိုင်းက သူ့အပေါ် လေးစားမှု အားနည်းတဲ့ ဘာစီလိုနာကနေ ထွက်ခွာကာ သူ့အတွက် သင့်တော်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ယခုအချိန်မှာတော့ ဒီပိုင်းနဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ စာချုပ်ဖျက်သိမ်းရေး အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Metro

ကနဦးမှာ ဘာစီလိုနာက ဒီပိုင်းကို ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောင်းချကာ ငွေရှာဖို့ စဉ်းစားခဲ့ပေမယ့် ဒီပိုင်းကတော့ သူ့ကို အသင်းကနေ ထွက်ခွာစေချင်ရင် အလွတ်နဲ့သာ ထွက်ခွင့်ပေးဖို့နဲ့ အကယ်၍ ဘာစီလိုနာကသာ သူ့ကို ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချမယ် ဆိုရင် အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်သွားမယ်လို့ အသိပေးခဲ့တာကြောင့် ဘာစီလိုနာက ဒီပိုင်းကို စာချုပ်ဖျက်သိမ်းပေးဖို့ လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဒီပိုင်းကို လိုချင်နေပြီး ဒီပိုင်းကို ၂နှစ် သက်တမ်း ရှိတဲ့ ကာလတို စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားကာ ဒီပိုင်းကလည်း ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် မကြာခင်မှာပဲ ဒီပိုင်းကို အီတလီမြေမှာ မြင်တွေ့ရနိုင်ကြောင်း သိရှိရပါတယ်။