စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဒေကိုက သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ဂိုးပြတ်ရှုံးခဲ့ပေမယ့် နည်းပြချုပ် ဇာဗီကို ရာထူးကနေ ထုတ်ပယ်မှာ မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ စပိန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီက ၂၀၂၁ခုနှစ် ၊ နိုဝင်ဘာလ ၆ရက်နေ့မှ စတင်ကာ ဘာစီလိုနာကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာကို ၃နှစ်နီးပါး ကိုင်တွယ်ခဲ့ရာမှာ လာလီဂါဆုဖလား ၁လုံးနဲ့ စပိန်စူပါဖလား ၁လုံးတို့ကို ရယူပေးထားနိုင်ပါတယ်။

Photo Credit: Goal

ဇာဗီက ၃နှစ် အတွင်းမှာ ဘာစီလိုနာအတွက် ဆုဖလား ၂လုံး ရယူပေးထားသလို ဂါဗီ ၊ ယာမယ် စတဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့လက်အောက်မှာ ဘာစီလိုနာရဲ့ ကစားပုံက မတိုးတက်လာသလို ယခုနှစ်ရာသီမှာလည်း ရလဒ်တွေ ဆိုးဝါးနေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာက ဇာဗီကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို အဆိုပါ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဇာဗီရဲ့ ဘာစီက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို စူပါဖလား ဗိုလ်လုပွဲမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Tribuna

ရီးရဲလ်မက်ဒရစ် ၄-၁ ဘာစီလိုနာ ပွဲအပြီးမှာတော့ သတင်းထောက် တချို့က ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုကို ဇာဗီအား ထုတ်ပယ်တော့မှာလား ဆိုတဲ့ မေးခွန်းကို မေးခဲ့ကြပြီး ဒေကိုကတော့ သူတို့အသင်းဟာ ဇာဗီကို အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်တာကြောင့် ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးဘူးလို့ ဆိုလာပါတယ်။

ဒေကိုက – “ဇာဗီရဲ့ အနာဂတ်နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေက အဓိပ္ပါယ် မရှိတဲ့ မေးခွန်းတွေပါ။ ကျွန်တော်တို့ အားလုံးက ဇာဗီကို အပြည့်အဝ ယုံကြည်နေဆဲပါပဲ။ ဒီရှုံးပွဲကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။