ဘရိုက်တန်အသင်း နည်းပြဖြစ်သူ ရောဘတ်တိုဒီဇာဘီက လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေတဲ့ ကစားသမားတွေဖြစ်သော မက်အယ်လစ္စတာ နဲ့ မွိုက်စ်ကိုင်စီဒိုတို့ကို အသင်းကနေ ရောင်းထုတ်သွားရနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Twitter
ဘရိုက်တန်အသင်းဟာ နှစ်တိုင်းလိုလိုမှာ ကစားသမားကောင်းတွေ မွေးထုတ်တတ်လေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး လာမယ့် ရာသီမှာလည်း အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်သော မိတိုမာ ကိုင်စီဒိုနဲ့ အယ်လစ္စတာတို့ကို အသင်းကနေ စွန့်လွတ်သွားရဖွယ် ရှိနေပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အယ်လစ္စတာကို လီဗာပူးလ်အသင်းက အလွန် စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာချင်နေသလို အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုကလည်း မကြာသေးခင်ကမှ ဘရိုက်တန်နဲ့ စာချုပ် သက်တမ်းတိုးထားပေမယ့် အသင်းနဲ့ လမ်းခွဲချင်နေပါတယ်။
Photo Credit : Twitter
“သေချာတာကတော့ ကျွန်တော်တို့ ကစားသမားတချို့ကို ဆုံးရှုံးရမှာပါ။ ကိုင်စီဒိုလည်း ဖြစ်နိုင်တယ်။ အယ်လစ္စတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ကစားသမားကောင်းတွေ ခေါ်ယူဖို့လည်း အဆင့်သင့် ဖြစ်နေပါပြီ” လို့ ဒီဇာဘီက ပြောဆိုသွားခဲ့ပါတယ်။ ကိုင်စီဒို အယ်လစ္စတာတို့လို ကွင်းလယ်ကစားသမားတွေကို လက်လွတ်ရဖွယ် ရှိနေတဲ့ ဘရိုက်တန်အသင်းဟာ ဈေးကွက်မဖွင့်သေးခင်မှာပဲ ကွင်းလယ်ပိုင်းအတွက် လီဗာပူးလ်ရဲ့ ဝါရင့် ကစားသမားကြီး ဂျိမ်းစ်မီနာ နဲ့ ဒေါ့မွန်ရဲ့ ဂျာမန် ကွင်းလယ်လူ ဒါဟုဒ်တို့ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်သလို ဝက်ဖို့ဒ်က ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဂျာအိုပတ်ဒရိုကိုလည်း ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ဒီဇာဘီရဲ့ ပြောစကားကြောင့် လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတို့ဟာ အယ်လစ္စတာ နဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူနိုင်ဖို့အတွက် အကြိတ်အနယ် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။