ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အဖွင့်ပွဲမှာ AEKအေသင်ကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် သူ့ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံအတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဘရိုက်တန်က ဒီဇာဘီရဲ့ ဦးဆောင်မှုတွေကြောင့် အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး AEKအေသင် ၊ အေဂျက် ၊ မာဆေးလ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပါတယ်။

Photo Credit: 90 Min

အေဂျက် ၊ မာဆေးလ်တို့လို ဥရောပ အတွေ့အကြုံရင့် အသင်းကောင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေတာကြောင့် ဘရိုက်တန်ဟာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး ရှုံးထွက်အဆင့်ဆီ တက်လှမ်းချင်ရင် အုပ်စုတွင်း အင်အားအနည်းဆုံးလို့ ယူဆရတဲ့ AEKအေသင်ကို အနိုင်ယူဖို့ လိုအပ်ခဲ့ပေမယ့် သူတို့ရဲ့ ပထမဦးဆုံး အုပ်စုအဖွင့်ပွဲမှာတင် AEKအေသင်ကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဘရိုက်တန် ၂-၃ AEKအေသင် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုကာ နိုင်ပွဲ ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပြီး ဘရိုက်တန်က အိမ်ကွင်းပရိသတ်အားနဲ့ AEKအေသင်ကို ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် AEKအေသင်က ပုံစံကောင်း တခု ပြသကာ ဘရိုက်တန်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ဘရိုက်တန်အတွက် သွင်းဂိုး ၂ဂိုးစလုံးကို တိုက်စစ်မှူး ပတ်ဒရိုက ပင်နယ်တီတွေ ကနေ တဆင့် သွင်းယူပေးခဲ့ပြီး AEKအေသင် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၁မိနစ်မှာ ညာနောက်ခံလူ ဆီဒီဘီ ၊ ပွဲချိန် ၄၀မိနစ်မှာ ကွင်းလယ်တိုက်စစ် ကစားသမား ဂျာစီနိုဗစ်နဲ့ ပွဲချိန် ၈၄မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ပွန့်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အိမ်ကွင်းမှာ အုပ်စုတွင်း အားအနည်းဆုံးပြိုင်ဘက် ဖြစ်တဲ့ AEKအေသင်ကို ဒူးထောက် အရှုံးပေးခဲ့ရပြီးနောက် အုပ်စုကနေ လွန်မြောက်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပေမယ့် ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကတော့ သူ့ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း ဆိုလာပါတယ်။ ဒီဇာဘီက – “ကျွန်တော်ကတော့ ကစားသမားတွေရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည် အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က ကံမကောင်းခဲ့တာပါ။ ဒါကြောင့် ဒီရလဒ်က မျှတတဲ့ ရလဒ်တခုလို့ မထင်ပါဘူး။ ကောင်လေးတွေက ကောင်းကောင်း ကစားနိုင်ခဲ့သလို ကျွန်တော်ကလည်း ကစားပုံအတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့က စိတ်ဓာတ်ကောင်းကောင်းနဲ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။