ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အလက်ဆစ် မက်အယ်လစ္စတာဟာ ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်လာနေပြီလို့ အမွှမ်းတင် ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

အယ်လစ္စတာက ပြီးခဲ့တဲ့ ဘောလုံးရာသီ ဘရိုက်တန်အသင်းမှာ ကစားခဲ့စဉ်က နည်းပြ ဒီဇာဘီနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး အဲ့ဒီနှစ်ကပဲ အယ်လစ္စတာဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Liverpool Echo

ဒီရာသီမှာတော့ အယ်လစ္စတာက ဘရိုက်တန်ကနေ လီဗာပူးလ်အသင်းဆီ ပေါင် (၃၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီပြောင်းရွှေ့ကြေးထက် ပိုမိုတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်သလို အခုလည်း သူ့အသင်းဟောင်း ဘရိုက်တန်နဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာလည်း ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီဇာဘီက အယ်လစ္စတာနဲ့ ပတ်သက်ပြီး “သူက ထိပ်တန်း ကစားသမားကောင်းတစ်ဦး ဖြစ်လာနေပြီလို့ ကျွန်တော် ထင်မိပါတယ်။ ဒုတိယဂိုးအတွက် သူဖန်တီးပေးခဲ့တာက တကယ်ကို အံ့မခန်းပါပဲ။ ကျွန်တော် သူ့အတွက် ပျော်ရွှင်မိသလို ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။”

Brighton manager Roberto De Zerbi shows a touch of class as he encourages a  standing ovation from fans for Liverpool star and former Seagull Alexis Mac  Allister | Daily Mail Online

Photo Credit : Daily Mail

“ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီးတော့ သူက အသင်းကြီး တစ်သင်းသင်းမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ဖို့ ထိုက်တန်မှု ရှိတယ်ဆိုတာကို ကျွန်တော် သိနေလို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အယ်လစ္စတာကို ဘရိုက်တန်ကနေ လီဗာပူးလ်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ လီဗာပူးလ် နည်းပြကြီး ယာဂင်ကလော့ပ်ကလည်း အယ်လစ္စတာရဲ့ ခြေစွမ်းတွေအပေါ် ချီးကျူးမှုတွေ လုပ်ဆောင်ခဲ့သလို အယ်လစ္စတာဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ပါ မှတ်ချက်ပြုသွားခဲ့ပါတယ်။