နယ်သာလန် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဗွီနဲ့ အေဂျက်တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့် နည်းပြတဦး ဖြစ်သူ ဒီမော့က ယခု ဆောင်းဈေးကွက် အတွင်းမှာ ပီအက်စ်ဗွီကနေ လီဗာပူးထံ ပြောင်းရွှေ့ခဲ့တဲ့ နယ်သာလန် ကြယ်ပွင့် ဂတ်ပိုရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ယခု ဆောင်းဈေးကွက် အတွင်းမှာ ပီအက်စ်ဗွီ ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက လီဗာပူးနဲ့ ၆နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

ဂတ်ပိုက မြန်နှုန်းမြင့် တိုက်စစ်မှူး တဦး ဖြစ်သလို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာလည်း ထူးချွန်တာကြောင့် လီဗာပူးလို မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားတတ်တဲ့ အသင်းဟာ သူ့အတွက် သင့်တော်တဲ့ အသင်းတသင်း ဖြစ်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ဂတ်ပိုဟာ လီဗာပူးမှာ ဆာလာလိုမျိုး အောင်မြင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ဒါပေမယ့် ပီအက်စ်ဗွီနဲ့ အေဂျက်တို့ရဲ့ နည်းပြဟောင်း ဒီမော့ကတော့ ဂတ်ပို တယောက် လီဗာပူးကို ပြောင်းတာဟာ မှားတယ်လို့ ရှုမြင်နေသလို လီဗာပူးဟာ အခုချိန်မှာ ပြန်လည် တည်ဆောက်ဆဲ အချိန်ကာလကို ရောက်နေတာကြောင့် လူငယ်ကြယ်ပွင့်တွေ ပြောင်းသင့်တဲ့ အသင်းမျိုး မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဒီမော့က – “ဂတ်ပိုက လီဗာပူးအသင်း ဒုက္ခရောက်နေတဲ့ အချိန်မှာ ရောက်သွားခဲ့တာပါ။ သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းက ပျက်စီးနေပါပြီ။ ပြီးတော့ လီဗာပူးက အခုချိန်မှာ အကောင်းဆုံးအသင်း တသင်း မဟုတ်တော့ပါဘူး။ ချယ်လ်ဆီးလိုပါပဲ။ လီဗာပူးက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်ဖို့ တည်ဆောက်နေရတဲ့ အချိန်မျိုး ဖြစ်တာကြောင့် လူငယ်ကြယ်ပွင့်တွေက သူတို့အသင်းဆီ မပြောင်းသင့်ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဂတ်ပို တယောက် လီဗာပူးဆီ ပြောင်းသွားတာဟာ ကောင်းတဲ့ လက္ခဏာလို့ မထင်ပါဘူး။ ပြီးတော့ မကြာခင်မှာလည်း ကလော့ပ်က လီဗာပူး ကနေ ထွက်သွားနိုင်တယ်လေ” လို့ သူ့ရဲ့ ယူဆချက်ကို ထုတ်ပြောသွားခဲ့တာပါ။

ဂတ်ပိုက သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး ပွဲဦးထွက် အဖြစ် ဝုလ်ဗ် ၂-၂ လီဗာပူး ပွဲစဉ်မှာ ဝင်ရောက် ကစားခဲ့ပြီး အဆိုပါပွဲမှာ ဂတ်ပိုက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မရခဲ့ပေမယ့် သူ့ရဲ့ အတိုးအလှုပ် ၊ လိမ်ခေါက် ဖြတ်ကျော်မှုတို့နဲ့ ဝုလ်ဗ်ရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။