မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က တကယ်လို့ သူ့ကို အသင်းဘက်ကနေ လာမယ့် ဘောလုံးရာသီထိ အသင်းမှာ ဆက်လက် နေရာပေးသွားဦးမယ်ဆိုရင်တော့ နွေမှာ သူ့တပည့်ဟောင်း မာတိုင်းစ် ဒီလစ်ကို ဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်က မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ချိန်မှာပဲ သူ့အသင်းဟောင်း အေဂျက်စ်က ကစားသမားတွေကိုပဲ ယူနိုက်တက်ဆီ ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ နှစ်မှာပဲ လီဆန်ဒရို မာတီနက်ဇ် နဲ့ အန်တိုနီတို့ကို တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Reuters

ဒီရာသီမှာလည်း တန်ဟက်ဂ်က အေဂျက်စ်မှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူထားခဲ့ပြီး လာမယ့်နွေမှာပါ လက်ရှိ အေဂျက်စ် တိုက်စစ်မှူး ဘရိုင်ယန် ဘရော်ဘီကိုပါ ပစ်မှတ်ထားလျက် ရှိနေပါသေးတယ်။

ဒါ့အပြင် တန်ဟက်ဂ်က လာမယ့် ဘောလုံးရာသီအထိ ယူနိုက်တက် နည်းပြအဖြစ် ဆက်လက် ရှိနေဦးမယ်ဆိုရင် တန်ဟက်ဂ်က သူရဲ့ နောက်ထပ် တပည့်ဟောင်းတစ်ဦးဖြစ်သူ နောက်ခံလူ ဒီလစ်ကို ဦးစားပေး ပစ်မှတ်အဖြစ် ခေါ်ယူသွားမယ်လို့ သတင်းထွက်လာပါတယ်။

Photo Credit : Manchester Evening News

အေဂျက်စ် ကစားသမားဟောင်း ဒီလစ်က လက်ရှိ ဒီရာသီထဲ ဘိုင်ယန်မြူးနစ်အသင်းမှာ ပြိုင်ပွဲစုံ (၁၂)ပွဲထိသာ ကစားခဲ့ရပြီး အူပါမယ်ကာနို နဲ့ ကင်မင်ဂျေးတို့ရဲ့နောက်မှာသာ ကစားနေရသလို အခုလည်း ဘိုင်ယန်က စပါးကနေ နောက်ခံလူ အဲရစ် ဒိုင်ယာကိုပါ ဖြည့်တင်းထားခဲ့ပါသေးတယ်။

ဒီအခြေအနေမှာ ဒီလစ်က ဘိုင်ယန်မှာ သူရဲ့နေရာအတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ရှိနေပေမယ့်လည်း ဒီရာသီအတွင်း သူ့အတွက် ကစားခွင့်တွေ ထပ်မံ ဆုံးရှုံးနေဦးမယ်ဆိုရင် ဒီလစ်အနေနဲ့ လာမယ့်နွေမှာ ဘိုင်ယန်နဲ့ လမ်းခွဲနိုင်ပြီး တန်ဟက်ဂ်ကလည်း သူ့တပည်ကျော်ကို နွေဈေးကွက်မှာပဲ ဦးစားပေး ခေါ်ယူသွားဖို့ ရှိနေပါတယ်။