ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ်က သူဟာ ဒီရာသီမှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပေမယ့် ဘိုင်ယန်မြူးနစ်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ်က ၂၀၂၂ခုနှစ်မှာ ဂျူဗင်တပ် ကနေ ဘိုင်ယန်မြူးနစ်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ အူပါမီကာနိုနဲ့ တွဲဖက်ကာ ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်ကြောင်းကို ဦး​ဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဒီရာသီမှာတော့ တောင်ကိုရီးယား နောက်ခံလူ ကင်မင်ဂျေး ရောက်ရှိလာမှုနဲ့အတူ ဒီလစ်က ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်ကလည်း ကင်မင်ဂျေးနဲ့ အူပါမီကာနိုတို့ရဲ့ ခံစစ်အတွဲကို အတော်လေး သဘောကျနေပါတယ်။

လက်ရှိမှာတော့ ဒီလစ်က တတိယ ဦးစားပေး ခံစစ်မှူး အဖြစ်သာ ကစားနေရပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက ဘိုင်ယန်မြူးနစ်မှာ နေရာမရတဲ့ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Kicker

မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် ဒီလစ်က ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိတာကြောင့် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာဖို့ မတွေးသေးဘူးလို့ ဆိုလာပါတယ်။

ဒီလစ်က – “ကျွန်တော်က ဂျူဗင်တပ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ အများကြီး မစဉ်းစားခဲ့ရပါဘူး။ အလွယ်လေးပဲ ဆုံးဖြတ်ခဲ့တာပါ။ ဘာကြောင့်လဲဲဲဲဲဲဲဆိုတော့ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိနေလို့ပါ။ ဘိုင်ယန်မှာ ကစားနေရင် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတယ်လေ။ ကျွန်တော့်ရဲ့ လက်ရှိ ပွဲထွက်ခွင့် အတွက် ကျေနပ်မှု ရှိပါတယ်။ ကျွန်​တော်က ပုံမှန် ကစားခွင့် ရဖို့ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။