စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကတော့ သူ့ကို မန်ယူဆီ ပြောင်းရွှေ့စေချင်ရင် အကြွေးတွေ အကုန်လုံး ပေးချေရန် လိုအပ်ကြောင်း ဘာစီလိုနာဆီ အသိပေးခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့နဲ့ ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့ ဒီဂျောင်လို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားကို မဖြစ်မနေ ရောင်းထုတ်ရန် လိုအပ်နေပြီး ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ရောင်းထုတ်ဖို့လည်း သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Relevo

ဒါပေမယ့် ဘာစီလိုနာက ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့အောင် နားချဖို့ လိုအပ်နေပြီး ဒီဂျောင်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အခုချိန်အထိ သဘောမတူသေးပဲ ဘာစီလိုနာကနေ သူ ရစရာ ရှိတဲ့ အကြွေးတွေ အားလုံးကို ရရှိပြီးမှသာ ဘာစီလိုနာကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Give Me Sportsရဲ့ ပင်တိုင် သတင်းထောက် တယ်ရီရဲ့ ဖော်ပြချက်အရ ဒီဂျောင်က ဘာစီလိုနာဆီကနေ အကြွေး ယူရို ၂၀သန်းကျော် ရစရာ ရှိနေတာကြောင့် အသင်းကနေ အကြွေးတွေ အကုန်လုံး ရပြီးမှသာ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာကတော့ ဒီဂျောင်ကို အကြွေး ယူရို ၃.၅သန်းသာ ယူဖို့နဲ့ ကျန်အကြွေးတွေကို နောက်မှ ယူဖို့ ပြန်လည် အကြောင်းကြားထားကြောင်း သိရပါတယ်။

Photo Credit: Relevo

ဒါပေမယ့် ဒီဂျောင်ကတော့ ဘာစီလိုနာဆီကနေ အကြွေး အကုန်လုံး နီးပါးကို ရယူချင်နေတာကြောင့် ဘာစီလိုနာဆီကနေ ကမ်းလှမ်းထားတဲ့ ယူရို ၃.၅သန်းကို ငြင်းဆန်ထားပြီး ဘာစီလိုနာကတော့ ဒီဂျောင်ကို အသင်းကနေ အမြန်ဆုံး ထွက်ခွာဖို့နဲ့ အသင်းကနေ မထွက်ခွာရင် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကနေပါ ချန်လှပ်ထားဖို့ စီစဉ်ထားကြောင်း နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနက ထပ်မံ ဖော်ပြထားပါသေးတယ်။