မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အသင်းကနေ ထွက်ခွာအပြီး လအတန်ကြာအထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ လက်ရှိမှာတော့ သူ့အတွက် သင့်တော့်မယ့် အသင်းသစ် တစ်သင်းကို ရှာဖွေသွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုအထိ ဖြတ်သန်းခဲ့ပြီး အသင်းရဲ့ ဂိုးပေါက်မှာ (၁၁)ရာသီကြာ တာဝန်ထမ်းဆောင်ပေခဲ့ပေမယ့် အသင်းက အိုနာနာကို ခေါ်ယူဖို့အတွက် ဒီဂီယာကို အလွယ်တကူလေး လက်လွတ်လိုက်ပါတယ်။

Photo Credit : DAZN

ဒီဂီယာလို အတွေ့အကြုံရှိ အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို အင်တာမီလန် ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်လို ဥရောပ ထိပ်သီး ကလပ်အသင်းတွေအပြင် နယူးကာဆယ် နော်တင်ဟမ်တို့လို ဂိုးသမား လိုအပ်နေတဲ့ အသင်းတွေကလည်း အလိုရှိခဲ့ပေမယ့် အခုချိန်အထိတော့ ဒီဂီယာက free agent player သာ ဖြစ်နေရပါတယ်။

ဒါပေမယ့် လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီဂီယာဟာ လက်ရှိမှာ ဘောလုံးသမားဘဝကို ပြန်လည် ဖြတ်သန်းဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ထားပြီး သူရဲ့ စီနီယာ ကစားသမားဘဝ စတင်ရာ သူ့မွေးရပ်မြေဖြစ်တဲ့ စပိန်မှာပဲ စပိန်ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Telegraph

ဆက်လက် ဖော်ပြထားချက်တွေအရ ဒီဂီယာဟာ မက်ဒရစ်အခြေစိုက် ကလပ်အသင်းကြီးတွေဖြစ်တဲ့ အသက်လက်တီကို မက်ဒရစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေဆီကို ပြောင်းရွှေ့ချင်နေပြီး ကလပ်အသင်းဟောင်း အသက်လက်တီကိုဆီ ပြန်သွားချင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီကလပ်တွေက ဒီဂီယာကို မန်ယူနိုက်တက်အသင်းမှာ ရရှိခဲ့တဲ့ တစ်ပတ်လုပ်ခ တစ်နှစ်လုပ်ခတွေအတိုင်း ပေးချေဖို့က မလွယ်ကူတာကြောင့် ဒီဂီယာအနေနဲ့ သူရဲ့ လုပ်ခကို လျော့ယူပေးရဖို့ ရှိနေပြီး သိပ်မကြာခင်မှာပဲ အသင်းသစ်တစ်သင်းကို ရှာဖွေနိုင်ဖွယ်လည်း ရှိနေပါတယ်။