ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် လန်ဒန်မြို့ အခြေစိုက်ကလပ် ဝက်စ်ဟမ်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ နှစ်သင်းစလုံးက လတ်တလောမှာ ရလဒ်ကောင်းတွေ ကိုယ်စီကိုယ်စီ ရရှိထားတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိကာ ကြည့်ကောင်းခဲ့ပြီး နှစ်သင်းစလုံးကလည်း အပိုင် အခွင့်အရေးတွေ ကိုယ်စီ ရရှိခဲ့ကြပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက အတော်လေး ကျစ်လျစ် သိပ်သည်းမှု ရှိခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ဝါရင့် ဂိုးသမား ဒီဂီယာတို့ ဦးဆောင်နေတဲ့ ခံစစ်ကြောင်းဟာ အမှားအယွင်း နည်းပါးခဲ့ကာ ဒီဂီယာက ကမ္ဘာ့အဆင့် ကာကွယ်မှု ၃ကြိမ် အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒေးဗစ် ဒီဂီယာက ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီရဲ့ အဝေးကန်ချက် ၊ နောက်ခံလူ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ရဲ့ ပြင်းထန် အားပါတဲ့ ရော့ကတ်ကစ်တွေကို အကောင်းဆုံး လက်စွမ်းတွေနဲ့ တားဆီးပေးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့တယ်လို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။

Photo Credit: The Sun

ဒါကြောင့်ပဲ ဒီဂီယာက မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ဒီဂီယာရဲ့ စွမ်းဆောင်ရည်ကောင်းတွေသာ မရှိရင် မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းပွဲဟာ သရေရလဒ်နဲ့သာ အဆုံးသတ်သွားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း သူတို့အသင်းဟာ ဒီဂီယာကို အခုချိန် အထိ အားကိုးနေရဆဲ ဖြစ်တယ်လို့ ပြောကြားရင်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တန်ဟက်ဂ်က – “လူတိုင်းကတော့ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြပါတယ်။ ကျွန်တော်ကတော့ ဂိုးသမား တယောက်ရဲ့ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံး တာဝန်ဟာ ဂိုးပေါက်ကို ကာကွယ်ဖို့လို့ပဲ ယုံကြည်ထားပါတယ်။ ဒီနေ့ပွဲမှာ ဒီဂီယာရဲ့ လက်စွမ်းက အရမ်းကို မှော်ဝင်လွန်းပါတယ်။ ကျွန်တော်တို့ အားလုံးက သူ့ကို အခုချိန် အထိ အားကိုးနေရဆဲပါ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။