ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို GOAT ကြီးနဲ့ တွဲဖက်ပေးသွားဖို့အတွက် မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုကို အသင်းဆီ အရ ခေါ်ယူခဲ့ပြီးနောက် မာနေး ဘရိုဇိုဗစ် အော်တာဗီယိုတို့လို ရော်နယ်လ်ဒိုနဲ့ တွဲဖက်ပေးမယ့် ကစားသမားတွေပါ ထပ်မံ ခေါ်ယူပေးခဲ့သလို အခုလည်း ရော်နယ်လ်ဒိုအတွက် ဂိုးဖန်တီးမှုတွေ များစွာ လုပ်ဆောင်ပေးနိုင်မယ့် ဒီဘရိုင်းနားကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ပြန်ပါတယ်။

Photo Credit : TEAMtalk

အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် Assist King ဒီဘရိုင်းနားဟာ ၂၀၁၅ခုနှစ်ကတည်းက ဝုလ်ဖ်ဘတ်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမ္ဘာ့ ကွင်းလယ်ကစားတွေထဲကမှ အကောင်းဆုံးတစ်ယောက် (သို့) ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ တင်စားခံရသူလည်း ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဘောလုံးရာသီ (၈)ရာသီ ဖြတ်သန်းထားပြီး ပွဲပေါင်း (၃၅၈)ပွဲ ပါဝင်ကစားထားခဲ့တဲ့ ဒီဘရိုင်းနားဟာ စီးတီးရဲ့ အသက်သွေးကြော ကစားသမား ဖြစ်သလို အဂွဲရိုး ဟာလန်းတို့လို စီးတီး တိုက်စစ်ကစားသမားတွေအတွက်ပါ မရှိမဖြစ် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဒါပေမယ့် နောက်ပိုင်းနှစ်တွေအတွင်း ဒီဘရိုင်းနားက မကြာခဏ ဆိုသလို ဒဏ်ရာတွေ ခဏခဏ ရရှိလာတက်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ဒီဘရိုင်းနားကို လာမယ့်နွေမှာ အသင်းကနေ လက်လွတ်သွားနိုင်ဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာသလို ဒီဘရိုင်းနားရဲ့ မန်စီးတီး ကစားသမားဘဝ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။

ဒီဘရိုင်းနား ကိုယ်တိုင်ကတော့ မန်စီးတီးကနေ ထွက်ခွာဖြစ်ရင်တောင် ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် ကျင်လည်သွားဖို့ ရှိနေတာကြောင့် အယ်လ်နာဆာရဲ့ ချဉ်းကပ်မှုကို ပယ်ချဖို့ အခြေအနေ ပိုများနေပေမယ့် ပရိသတ်တွေကတော့ ရော်နယ်လ်ဒို နဲ့ ဒီဘရိုင်းနားတို့ အတွဲအဖက်ကို မြင်တွေ့ချင်နေသလို ဒီအတွဲအဖက်သာ ဖြစ်ပေါ်လာမယ်ဆိုရင် ရော်နယ်လ်ဒိုလည်း ဂိုး(၁၀၀၀) အလွယ်တကူ ပြည့်မြောက်သွားမယ်လို့ မှတ်ချက်ပြုနေကြပါတယ်။