ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်ရဲ့ သူ့အပေါ် မလေးစားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကြောင့် စာချုပ်သစ် မချုပ်တော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီလို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် ကနေဒါလက်ရွေးစင် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ ၁၀ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Goal

အယ်ဖွန်ဆို ဒေးဗီးစ်က ကမ္ဘာ့အဆင့် ဘယ်နောက်ခံလူ တဦး ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ သူ့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်ရှိတော့သလို ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ အခုချိန်အထိ အပတ်တကုတ် ကြိုးစားနေတာမျိုး မရှိသေးပါဘူး။

ဒါကြောင့်ပဲ အယ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဒေးဗီးစ်ရဲ့ အေးဂျင့်ဖြစ်သူ ဟော့ဆက်က ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှု တချို့ လုပ်ထားပါတယ်။

 

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် မချုပ်ဖို့ စဉ်းစားထားပြီး ရာသီကုန်ချိန် အထိ စာချုပ်သစ် မချုပ်ဖြစ်ရင် ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာမှာ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်ကတော့ အယ်ဖွန်ဆို ဒေးဗီးစ်အတွက် ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ကလည်း အယ်ဖွန်ဆို ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် မချုပ်ပဲ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ အလားအလာ များနေကြောင်း ထပ်မံ အတည်ပြုပေးထားသလို ဘိုင်ယန်မြူးနစ်က စာချုပ်သစ်မှာ ဒေးဗီးစ်ကို တနှစ် လုပ်ခလစာ ယူရို ၁၄သန်းသာ ပေးချေချင်နေပြီး ဒေးဗီးစ်ကတော့ စာချုပ်သစ်မှာ တနှစ် လုပ်ခလစာ ယူရို ၂၀သန်း အထိ လိုချင်နေတာကြောင့် နှစ်ဦးနှစ်ဖက်ကြားထဲမှာ ဆက်ဆံရေး တင်းမာနေကြောင်း ဖော်ပြထားပါသေးတယ်။