စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ အလာဘာက ၂၀၂၂ခုနှစ် The Best Man Player of the Year ဆုအတွက် အသင်းဖော် ကာရင် ဘန်ဇီမာကို ကျော်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ အမုန်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို မဲပေးခဲ့မှု အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAကနေ ပေးအပ် ချီးမြှင့်တဲ့ The Best 2022 ဆုပေးပွဲကို ယမန်နေ့ညမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆုပေးပွဲမှာ ၂၀၂၂ခုနှစ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီက သိမ်းပိုက် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

The Bestဆု အတွက် မဲပေးရွေးချယ်မှုကို နိုင်ငံအသင်းတွေရဲ့ နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေကသာ ပြုလုပ်ရတာ ဖြစ်ပြီး လီယွန်နယ် မက်ဆီက တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာကို ကျော်ဖြတ်ကာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ငံအသင်းတွေရဲ့ အသင်းခေါင်းဆောင်နဲ့ နည်းပြတွေက The Bestဆု အတွက် မဲပေးခွင့် ရလို့ ဩစတီးယား အသင်းခေါင်းဆောင် အလာဘာကလည်း The Bestဆု အတွက် မဲပေးခွင့် ရခဲ့ပြီး အလာဘာက ဘာစီလိုနာ ကြယ်ပွင့်ဟောင်း မက်ဆီကို The Bestဆု အတွက် မဲပေးခဲ့ပါတယ်။

Photo Credit: Goal

The Bestဆု အတွက် မဲပေးမှုတွေကို လျို့ဝှက် မဲပေးစနစ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် အလာဘာ တယောက် မက်ဆီကို မဲပေးခဲ့တဲ့ သတင်းဟာ ပေါက်ကြားလာခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပရိသတ်တွေက အသင်းဖော်တွေ ဖြစ်တဲ့ ကာရင် ဘန်ဇီမာ ၊ ဗီနီးစီးယပ်စ်တို့ကို ကျော်ကာ မဲပေးခဲ့တဲ့ အလာဘာကို ဒေါသထွက်နေကြကာ အသင်းကနေ ထွက်သွားဖို့ စတင် တောင်းဆိုလာကြပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကစားသမားတွေထဲမှာလည်း အလာဘာ တယောက် မက်ဆီကို မဲပေးခဲ့မှု အတွက် မကျေနပ်သူတွေ များပြားနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ရှိရင်းစွဲ ကစားသမား အများစုက အလာဘာ အပေါ် အမြင်မကြည်မှုတွေ ရှိနေကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။