ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာနောက်ခံလူ ဒါးလော့က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒီနိုင်ပွဲဟာ ယမန်နေ့ညမှာ ကွယ်လွန်သွားတဲ့ ယူနိုက်တက်ဂန္တဝင် ဆာဘော်ဘီ ချာလ်တန်အတွက် ရည်စူးတဲ့ နိုင်ပွဲပါလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ရှက်ဖီးလ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဒါးလော့က မက်ဂွိုင်းယား ၊ အီဗန် ၊ လင်ဒီလော့ဖ်တို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခဲ့ရပါတယ်။

Photo Credit: Euro Sports

ရှက်ဖီးလ် ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ရမှတ်တွေ လိုအပ်နေတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ကစားသမား အင်အားပိုင်း ကွာခြားချက်ကြောင့် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် ရှက်ဖီးလ် ယူနိုက်တက်ထက် ကစားပုံ ပိုသာခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၈မိနစ်မှာ ကွင်းလယ်လူ မက် တော်မီနေးက စတင် သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အပျော်တွေက ၅မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး ပွဲချိန် ၃၄မိနစ်မှာ တော်မီးနေးရဲ့ လက်ထိဘောကြောင့် ရလာတဲ့ ပင်နယ်တီကို ရှက်ဖီးလ် ယူနိုက်တက် တိုက်စစ်မှူး မက် ဘာနီးက အမှားအယွင်း မရှိ ကန်သွင်းကာ ရှက်ဖီးလ် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေရလဒ် ဖြစ်သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က အနိုင်ဂိုး သွင်းယူနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး အိမ်ရှင် ရှက်ဖီးလ်ကတော့ ယူနိုက်တက်ဆီကနေ သရေတမှတ် ခွဲယူနိုင်ဖို့ ရည်ရွယ်ကာ ခံစစ်ကို အထိုင်ချ ကစားခဲ့ပါတယ်။ ရှက်ဖီးလ်က တသင်းလုံး နီးပါး ပိတ်ဆို့ ကစားခဲ့ပေမယ့် ပွဲချိန် ၇၇မိနစ်မှာတော့ ဒါးလော့က လှပတဲ့ ဂိုးဧရိယာပြင်ပ ကန်ချက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Mirror

ရှက်ဖီးလ် ယူနိုက်တက် ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဒါးလော့က ဒီနိုင်ပွဲဟာ ကွယ်လွန်သွားတဲ့ ယူနိုက်တက်ဂန္တဝင် ဆာဘော်ဘီ ချာလ်တန် အတွက် ရည်စူးကြောင်း ဆိုလာပါတယ်။ ဒါးလော့က – “ဒီနိုင်ပွဲဟာ ဆာဘော်ဘီ ချာလ်တန်နဲ့ သူ့ရဲ့ မိသားစု အတွက် ရည်စူးတဲ့ နိုင်ပွဲပါ။ ဒီနေ့က ကျွန်တော်တို့အသင်း အတွက် အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ နေ့ရက် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနေ့မှာ နိုင်ပွဲ ရဖို့ အတွက် အကောင်းဆုံး ကြိုးစား ကစားခဲ့ကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ ဂန္တဝင် နည်းပြလည်း ဖြစ်တဲ့ ဆာဘော်ဘီ ချာလ်တန်က မြန်မာစံတော်ချိန် ယမန်နေ့ ညပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆာဘော်ဘီ ချာလ်တန်ဟာ အသက် ၈၆နှစ် အရွယ် ရှိနေပါပြီ။