တချိန်က ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကာဒစ်ဖ်ရဲ့ အသင်းပိုင်ရှင် ဒယ်မန်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို မကြာခင်မှာ ရောင်းချတော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး မိသားစုဖြစ်တဲ့ ဂလေဇာမိသားစုက ဆယ်စုနှစ် ၂စုနီးပါး သူတို့တွေ ပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ရင်းနှီးမြှုပ်နှံသူအသစ်တွေ ရှာဖွေတော့မယ်လို့ ကြေညာကာ အသင်းကို ရောင်းချဖို့ ကြိုးစားနေတာ ၁နှစ်ကျော် ကြာနေပါပြီ။

 

Photo Credit: Sky Sports

ဂလေဇာမိသားစုက ၁နှစ်ကျော် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ ဘီလီယံနာ အမြောက်အမြားရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ကာတာစော်ဘွား အယ် သနီနဲ့ ဗြိတိန် ဘီလီယံနာ ရက်ကလစ်ဖ်တို့ ၂ဦးထဲကသာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဂလေဇာမိသားစုနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။

အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က ပြီးခဲ့တဲ့ ဧပြီလမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုတွေကို ပေးပို့ထားကြပြီး ရက်ကလစ်ဖ်က ပေါင် ၃ဘီလီယံကျော်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၆၀ရာခိုင်နှုန်း ဝန်းကျင်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားကာ အယ် သနီကတော့ ပေါင် ၅ဘီလီယံကျော်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ အကုန်လုံးကို ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

Photo Credit: Standard

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး အခုချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပဲ ဂလေဇာမိသားစုနဲ့ ရင်းနှီးသလို ကာဒစ်ဖ်ကိုလည်း ပိုင်ဆိုင်တဲ့ ဒယ်မန်ကတော့ ဂလေဇာမိသားစုဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ်လို့ ဆိုလာပါတယ်။

ဒယ်မန်က – “မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းကို ၇.၂ ဘီလီယံနဲ့ ၇.၃ဘီလီယံကြား ပမာဏ တရပ်နဲ့ ရောင်းချမယ့်အကြောင်းကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ ဒါက သူတို့အသင်းရဲ့ လက်ရှိ တန်ကြေးထက် ၁၀ဆလောက် ပိုများတဲ့ ပမာဏ တရပ်ပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။