လီဗာပူးလ် နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ပီတာ ခရော့ချ်က လက်ရှိ အသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ သူ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ အရှက်စရာ ဂိုးပေါက်လွဲချော်မှုတွေကြောင့် လှောင်ပြောင် ဝေဖန်ခံနေရပေမယ့်လည်း ဒီရာသီအတွင်း လီဗာပူးလ်အသင်းအတွက် (၁၀)ဂိုး သွင်းယူပေးထားပြီး (၁၀)ဂိုးအထိပါ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်က နူးညက်ဇ်ကို ဘင်ဖီကာအသင်းကနေ ယူရို (၈၅)သန်းအထိ အသုံးပြုပြီး ခေါ်ယူထားခဲ့ရသလို နူးညက်ဇ်ကလည်း လီဗာပူးလ်မှာ အထောင်တိုက်စစ် နေရာရော ဘယ်တောင်ပံမှာပါ လိုက်ပါကစားရင်း အသင်းအတွက် အကျိုးပြုလျက် ရှိနေပါတယ်။

နူးညက်ဇ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခရော့ချ်က “နူးညက်ဇ်နဲ့ ကျွန်တော်က ဆင်တူတာတွေ ရှိနေတယ်။ အစပိုင်းမှာတော့ အခက်အခဲတွေ ရှိတက်ကြပါတယ်။ ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ။ ဒါပေမယ့် ကျွန်တော် ခက်ခဲခဲ့တဲ့ အချိန်တွေတိုင်းမှာ အသင်းနဲ့ အသင်းပရိသတ်တွေက ကျွန်တော့်အနားမှာ ရှိနေပေးခဲ့တယ်။”

Photo Credit : This is Anfield

“နူးညက်ဇ်ကိုလည်း ပရိသတ်တွေက အကောင်းဆုံး ပံ့ပိုးပေးမှုတွေ ပြုလုပ်နေတာမို့ အဲ့ဒီအတွက် အကောင်းဆုံးနေရာမှာ ရှိနေတယ်လို့ ခံစားမိစေပါလိမ့်မယ်။ သူက အသင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရသလောက် ရတဲ့ အခွင့်အရေးတွေကို သေချာ အဆုံးသတ်နိုင်ခြင်း မရှိပေမယ့်လည်း ဒီရာသီကုန်မှာတော့ သူက လီဗာပူးလ်အတွက် အရေးကြီးလွန်းတဲ့ အခန်းကဏ္ဍ တစ်ခုကကနေ သေချာပေါက် ပါဝင်နေပါလိမ့်မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ နူးညက်ဇ်က လီဗာပူးလ်ရဲ့ တိုက်စစ်မှာ အဓိကနေရာကနေ ဦးဆောင် ပါဝင်လို့နေပြီး မိုဟာမက် ဆာလာ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲနေချိန်မှာ လီဗာပူးလ် တိုက်စစ်ကို ဦးဆောင်လျက် ရှိနေပါတယ်။