ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက ယနေ့ညမှာ ကျင်းပမယ့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးကို ကျော်ကာ ပရီးမီးယားလိဂ်ဖလားကို မရနိုင်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာမြို့ခံကလပ် မန်ချက်စတာ စီးတီးနဲ့ လန်ဒန်မြို့ခံကလပ် အာဆင်နယ်တို့က ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ရမှတ် (၂)မှတ် အသာရနေပေမယ့် အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ဂိုးကွာခြားချက် (၁)ဂိုး သာနေတာကြောင့် ချန်ပီယံဆုကို မျှော်လင့်ခွင့် ရှိနေပါတယ်။

Photo Credit: Football 365

ယနေ့ညမှာတော့ သူတို့နှစ်သင်းအနက် ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲ ဆိုတာကို အဆုံးအဖြတ် ပေးမယ့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲတွေကို မြန်မာစံတော်ချိန် ၉နာရီခွဲမှာ တပြိုင်ထဲ ကျင်းပသွားဖို့ ရှိနေပြီး အာဆင်နယ်က အဲဗာတန်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေသလို မန်ချက်စတာ စီးတီးကလည်း ဝက်စ်ဟမ်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ပြိုင်ဘက် မန်ချက်စတာ စီးတီးထက် ရမှတ် ၂မှတ် လျော့နည်းနေပေမယ့် ဂိုးကွာခြားချက်မှာ အသာစီး ရနေတာကြောင့် မန်ချက်စတာ စီးတီးက ပြိုင်ဘက် ဝက်စ်ဟမ်းကို အနိုင်ရမှသာ ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပြီး အကယ်၍ မန်ချက်စတာ စီးတီးကသာ ဝက်စ်ဟမ်းကို သရေကျတာ (သို့) ရှုံးနိမ့်တာမျိုး ဖြစ်ခဲ့ရင် အာဆင်နယ်က အဲဗာတန်ကို အနိုင်ရလိုက်တာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ။

Photo Credit: Express

လက်ရှိမှာ အာဆင်နယ်ရဲ့ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက ဝက်စ်ဟမ်းကို မန်ချက်စတာ စီးတီးအား မရှုံးအောင် ကန်ပေးဖို့ တောင်းဆိုနေကြပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကာလရှည် ကျင်လည်ခဲ့ဖူးသလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကို အကြိမ်ကြိမ် ရယူနိုင်ဖူးတဲ့ ရိုနယ်ဒိုကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူးလို့ ဆိုလာပါတယ်။

ရိုနယ်ဒိုက ယနေ့မနက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ တိုင်ဆန်ဖျူရီနဲ့ ယူဆွတ်ခ်တို့ရဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံလုပွဲကို တက်ရောက် ကြည့်ရှုရင်း သတင်းထောက် တဦးရဲ့ “အာဆင်နယ်ဟာ ချန်ပီယံ ဖြစ်နိုင်လား” ဆိုတဲ့ မေးခွန်းကို “အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေရင်း သူ့ရဲ့ သဘောထားကို ထုတ်ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။