ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ၂၀၂၃ခုနှစ် နှစ်အစပိုင်းမှာပဲ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီ ဘောလုံးနယ်ပယ်မှာ အံ့ဝင်ခွင်ကျဖြစ်ဖို့ ကြိုးပမ်းနေပေမယ့်လည်း စပိန် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုက ဆော်ဒီမှာ အချိန်ကြာကြာ ဆက်နေနိုင်မှာ မဟုတ်ပဲ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ဆီကိုသာ ပြန်လာလိမ့်မယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : NME

မန်ယူနိုက်တက်အသင်းနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲပြီး အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲကစား (၁၂)ဂိုး သွင်းယူထားပေမယ့် ရှုံးထွက်ဖလားပြိုင်ပွဲ (၂)ခုကနေ ထွက်ခွာထားခဲ့ရသလို ဆော်ဒီလိဂ် အမှတ်ပေးဇယားမှာပါ ဒုတိယနေရာနဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက အယ်လ်အီတီဟတ်အသင်းနဲ့ တစ်ပွဲအသာ (၃)မှတ်ကွာ အနေအထားမှာ ရှိနေတာကြောင့် အမှတ်ပေး ချန်ပီယံဆုကို ရယူဖို့ပါ ခက်ခဲနေရပါတယ်။

Photo Credit : The Japan Times

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ကမ္ဘာ့ လုပ်ခ လစာ အမြင့်ဆုံးအဖြစ် ရရှိနေပေမယ့်လည်း မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ ဘာသာစကား အခက်အခဲတွေက ရော်နယ်လ်ဒိုနဲ့ သူရဲ့မိသားစုကို ဆော်ဒီမှာ လိုက်လျောညီထွေ ဖြစ်စေဖို့ ခက်ခဲနေရပါတယ်။ တကယ်တော့ ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ လက်တွဲဖြုတ်စဉ်ကတည်းက ဥရောပမှာသာ ဆက်လက် ဖြတ်သန်းလိုတာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sporting News

အခု El Nacional သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသက် (၃၈)အရွယ် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုကို အသင်းဆီ ပြန်လည် ခေါ်ယူဖွယ် ရှိနေတယ်လို့ ဖော်ပြလာပါတယ်။ ရီးယဲလ်အသင်းဟာ ရော်နယ်လ်ဒိုကို အသင်းအတွက် ကစားသမားတစ်ဦးအဖြစ် ခေါ်ယူမှာ မဟုတ်ပဲ အသင်းရဲ့ ambassador ရာထူးမျိုးနဲ့သာ ခေါ်ယူမှာ ဖြစ်တယ်လို့ El Nacional က ဖော်ပြထားပါတယ်။ ဒါပေမယ့် အသင်းရဲ့ ambassadorial position နဲ့ ခေါ်ယူဖို့ဆိုတာက ကစားသမားဘဝကနေ အနားယူထားမှပဲ အဆင်ပြေနိုင်မှာဖြစ်လို့ ရော်နယ်လ်ဒိုအနေနဲ့ သူ့ကစားသမားဘဝကို ဘယ်လို ဆက်လက် ဖြတ်သန်းသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။