ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးတစ်ခု လုပ်ဆောင်ရင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သူ့ကြားမှာ ကြုံတွေ့နေရတဲ့ အကြောင်းကိစ္စတွေကို အကုန် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ပတ်သတ်ပြီးတော့လည်း သူရင်ဆိုင်နေရတဲ့ အခြေအနေကိုပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ယူနိုက်တက်ရဲ့နည်းပြဟောင်းလည်း ကစားသမားဟောင်းလည်းဖြစ်ပြီး ရော်နယ်လ်ဒိုနဲ့ပါ တွဲဖက်ကစားခဲ့ဖူးသူလည်းဖြစ်တဲ့ ဆိုးလ်ရှားက ယူနိုက်တက်ကို ကိုင်တွယ်နေစဉ်အတွင်း ရော်နယ်လ်ဒိုကို ယူနိုက်တက်အသင်းဆီ ထပ်မံ ခေါ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ဆိုးလ်ရှား အသင်းကနေ ထုတ်ပယ်ခံရချိန် ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ ယာယီနည်းပြရန်းနစ် လက်ရှိနည်းပြတန်ဟက်ဂ်တို့နဲ့ အဆင်မပြေမှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။ ဒီနှစ်ရာသီအတွင်း ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်လက်ထက်မှာလည်း ရော်နယ်လ်ဒိုဟာ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရသလို စပါးနဲ့ပွဲစဉ်မှာလည်း ရော်နယ်လ်ဒိုက အသင်းအတွက် လူစားဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့အထိ ရော်နယ်လ်ဒိုနဲ့ တန်ဟက်ဂ်တို့ကြားမှာ အဖုအထစ်တွေ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

နည်းပြတန်ဟက်ဂ်နဲ့ ပတ်သတ်ပြီး ရော်နယ်လ်ဒိုက “ကျွန်တော့်အပေါ် လေးစားမှုတွေ မပြသခဲ့လို့ ကျွန်တော်လည်း သူ့ကို လေးစားမှု မရှိဘူး။ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို မလေးစားဘူးဆိုရင် ကျွန်တော်ကလည်း ခင်ဗျားကို ဘယ်တော့မှ လေးစားမှာ မဟုတ်ဘူး”လို့ ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီနှစ်ရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲအထိ ကစားထားခဲ့ရပေမယ့်လည်း နည်းပြတန်ဟက်ဂ်က သူ့ကို ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ပွဲစဉ်တိုင်းလိုလိုကို ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် အသုံးပြုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ (၅)ပွဲကိုသာ ပွဲထွက်ကစားသမားအနေနဲ့ သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ကာရာဗင်ကော့တေ့ချ်ကွင်းမှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်ကိုလည်း ရော်နယ်လ်ဒိုက အဖျားဝေဒနာကြောင့် လွဲချော်ထားခဲ့ရပေ့မယ့် ပွဲကျင်းပအပြီး နာရီပိုင်းအကြာမှာပဲ ပီယာ့စ်မော်ဂန်နဲ့ အခုလို အင်တာဗျူးတစ်ခုကို လုပ်ဆောင်ခဲ့တာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတာ သေချာနေသလို သူပြောင်းရွှေ့မယ့် အသင်းကိုပါ ရွေးချယ်ထားပြီးသားပါ ဖြစ်နေနိုင်ပါတယ်။