ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒီနေ့ညမှာ ကစားရမယ့် AFC ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့မှာ ယူအေအီးကလပ် အယ်လ်အိန်းကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ပထမအကျော့ ယူအေအီးမြေမှာ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း တာလီစကာ ဘရိုဇိုဗစ်တို့ မပါဝင်တဲ့ အယ်လ်နာဆာအသင်းက အိမ်ရှင် အယ်လ်အိန်းအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့ရပြီး (၁)ဂိုးတည်းနဲ့သာ ကပ်ရှုံးထားတာမို့ အယ်လ်နာဆာအတွက် မျှော်လင့်ချက်က ရှိနေသေးတာပဲ ဖြစ်ပါတယ်။

Photo Credit : El Futobolero US

ဒါပေမယ့် အယ်လ်နာဆာက အသင်းရဲ့ အရေးကြီး ကစားသမားတစ်ဦးဖြစ်သူ တာလီစကာကို ဒီရာသီကုန်အထိ လက်လွတ်ထားခဲ့ရသလို ပြီးခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာလည်း အိမ်ကွင်းမှာပဲ အယ်လ်ရာဟတ်အသင်းကိုပါ အရှုံးပေးထားခဲ့ရလို့ ဒီအချက်တွေက အယ်လ်နာဆာအတွက် အနည်းငယ် စိုးရိမ်စရာ ဖြစ်နေရပါတယ်။

ဒါပေမယ့် အခုလို နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါတဲ့ ပွဲစဉ်မျိုးကို သူတို့တွေ မဖြစ်မနေ အနိုင်ရအောင် ကစားသွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော်တို့တွေအတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါပဲ။ ဒါကိုလည်း ကျွန်တော်တို့အားလုံး သိထားကြပါတယ်။”

Photo Credit : Marca

“ကလပ်အသင်းအတွက်ရော ကစားသမားတွေအတွက်ရောနဲ့ အသင်းပရိသတ်တွေအတွက်ရောပါ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း အဆင်သင့် ဖြစ်နေပါပြီလို့ ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီပွဲအတွက်ကိုလည်း ပြင်ဆင်ထားပါတယ်။”

“ဒီနေ့ညမှာ ကျွန်တော်တို့အတွက် အကောင်းဆုံး ညတစ်ည ဖြစ်လာမယ်လို့လည်း ကျွန်တော် ယုံကြည်ထားတယ်။ ဒီပွဲအတွက် အကောင်းမြင်ထားတယ်။ နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။” လို့ ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။