ဘောလုံးပရိသတ်တွေက မှော်ဆရာလေးလို့ တင်စားခေါ်ဆိုခြင်း ခံထားရသူ ဖီးလစ်ပီ ကော်တင်ဟိုဟာ အခုဆိုရင် သူ့အသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဗက်စကို ဒဂါးမားအသင်းဆီကို ပြန်လည် ပြောင်းရွှေ့ဖို့အတွက် အလွန် နီးစပ်လျက် ရှိနေပြီလို့ သိရပါတယ်။

အသက် (၃၁)နှစ်အရွယ်ရှိ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် ကစားသမား ကော်တင်ဟိုဟာ လက်ရှိမှာတော့ ကာတာကလပ် အယ်လ်ဒူဟေးအသင်းမှာ အငှားနဲ့ ပါဝင်ကစားလို့နေပြီး မကြာခင်မှာပဲ အငှားစာချုပ် ပြည့်တော့မှာဖြစ်ကာ မိခင်ကလပ် အက်စတွန် ဗီလာဆီကို ပြန်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Fox Sports

ဒါပေမယ့် ကော်တင်ဟိုက ဗီလာမှာ ပြန်ကစားဖို့ထက် အသင်းပြောင်းဖို့ ဆန္ဒရှိလို့နေပြီး သူ့ကိုလည်း အသင်းဟောင်း ဗက်စကို ဒဂါးမားက ပြန်လည် ခေါ်ယူသွားဖို့ ဗီလာအသင်းနဲ့ ဆွေးနွေးလျက် ရှိနေရာ အခုဆိုရင် ဆွေးနွေးမှုတွေက အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ ကော်တင်ဟိုဟာ သူရဲ့ ဘောလုံးသမားဘဝကို ဗက်စကို ဒဂါးမားအသင်းရဲ့ လူငယ် အကယ်ဒမီမှာ စတင်ခဲ့ရတာဖြစ်ပြီး (၁၆)နှစ်သားအရွယ်မှာ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပေမယ့် အင်တာအတွက် မကစားပေးရခင်မှာပဲ ဗက်စကို ဒဂါးမားအသင်းအတွက် (၂)ရာသီအထိ အငှားနဲ့ ကစားခဲ့ရပါသေးတယ်။

Photo Credit : TEAMtalk

ဗက်စကို ဒဂါးမားအသင်းကို ဘရာဇီးလ် စီးရီးဘီကနေ စီးရီးအေအထိ ပို့ဆောင်ပေးပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့ ကော်တင်ဟိုဟာ အင်တာ လီဗာပူးလ် ဘာစီလိုနာ ဘိုင်ယန်နဲ့ ဗီလာအသင်းတွေမှာပါ သူရဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရင်း အသင်းလိုက် ဆုဖလားတွေနဲ့ တစ်ဦးချင်း ဆုပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဒဏ်ရာပြသာနာ များစွာကြောင့် ခြေစွမ်းပိုင်းပါ ကျဆင်းလာခဲ့ရတဲ့ ကော်တင်ဟိုဟာ အခုတော့ သူ့မွေးရပ်မြေက သူ့အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ လုပ်ဆောင်လို့နေပြီး မကြာခင်မှာပဲ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖွယ်လည်း ရှိနေရပါတယ်။