ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်ရဲ့ နည်းပြချုပ် ဖြစ်သူ စတိဗ် ကူးပါးကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၀-၂ မန်ယူ ပွဲစဉ်မှာ သူတို့အသင်းဟာ မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ လက်ထိဘော အတွက် ပင်နယ်တီ ရခဲ့သင့်ကြောင်းနဲ့ တပွဲလုံးမှာ ပြစ်ဒဏ်ဘောတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တဲ့ မက်ဂွိုင်းယားဟာ အနီကတ် ထိခဲ့သင့်ကြောင်း ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နော်တင်ဟမ် ဖောရက်စ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး ရမှတ် လိုအပ်နေတာကြောင့် ကူးပါးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် အိမ်ကွင်းမှာ ရှုံးပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Sports Bible

နော်တင်ဟမ် ဖောရက်စ် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ကစားသမား အင်အား ကွာခြားချက် ကြီးမားတာကြောင့် ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကသာ နော်တင်ဟမ် ဖောရက်စ်ကို ပွဲစပွဲဆုံး တဖက်သတ် ဖိအားပေး ကစားသွားခဲ့ကာ နော်တင်ဟမ် ဖောရက်စ်ကတော့ ဂိုးပေါက်တည့်ကန်ချက်တောင် မရခဲ့ပါဘူး။

ဒါပေမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ အစပိုင်းမှာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ ထောင့်ကန်ဘောကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ဘောလုံးကို လက်နဲ့ မတော်တဆ ထိမိခဲ့ပြီး VARအဖွဲ့က အဆိုပါဖြစ်ရပ်ကို ပြန်လည် စစ်ဆေးခဲ့ပေမယ့် ပင်နယ်တီတော့ မပေးခဲ့ပါဘူး။

Photo Credit: Mirror

ကွင်းလယ်ဒိုင် ဆိုင်မွန်နဲ့ VARအဖွဲ့ကသာ နော်တင်ဟမ် ဖောရက်စ်ကို အဆိုပါ ပင်နယ်တီ ကန်သွင်းခွင့်သာ ပေးခဲ့မယ် ဆိုရင် ပွဲရဲ့ ရလဒ်ဟာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပြီး နော်တင်ဟမ် ဖောရက်စ်နည်းပြ စတိဗ် ကူးပါးကလည်း သူတို့အသင်းကို ပင်နယ်တီ မပေးခဲ့တဲ့ VARအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပွဲအပြီးမှာ မေးခွန်းထုတ်သွားခဲ့ပါတယ်။

ကူးပါးက – “ကျွန်တော်ကတော့ မက်ဂွိုင်းယားရဲ့ လက်ထိဘောဟာ ကျိန်းသေပေါက် ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်လို့ပဲ မြင်ပါတယ်။ ပြီးတော့ မက်ဂွိုင်းယားကိုလည်း ဒုတိယ အဝါကတ် ပြခဲ့သင့်ပါတယ်။ ကွင်းလယ်ဒိုင်က ကျွန်တော်တို့ကို ပင်နယ်တီ ပေးခဲ့သင့်တာပါ။ ဒီလိုမျိုး ပွဲအရှိန်မြင့်တဲ့ ပွဲစဉ်မျိုးနဲ့ လက်ထိဘော ဖြစ်ခဲ့တဲ့ နေရာတို့ကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကို တခါထဲ ပေးဖို့ အခက်အခဲတွေ ရှိတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘာကြောင့် VARကပါ ဒီဖြစ်ရပ်ကို ပင်နယ်တီ အဖြစ် မသတ်မှတ်တာလဲ ဆိုတာကိုတော့ နားမလည်နိုင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။