နည်းပြကြီး အန်တိုနီယို ကွန်တီကတော့ စီးရီးအေကလပ် နာပိုလီအသင်းကို ကိုင်တွယ်ဖြစ်မယ်ဆိုရင် သူနဲ့ အင်တာမီလန်အသင်းမှာ လက်တွဲညီခဲ့တဲ့ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူကို နာပိုလီအသင်းဆီ ခေါ်ဆောင်သွားဖို့ စီစဉ်ထားလျက် ရှိနေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီတုန်းက အီတလီ စီးရီးအေ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ရတဲ့ နာပိုလီအသင်းဟာ ၂၀၂၃-၂၄ ရာသီမှာတော့ အတော်လေးကို အခြေအနေ ဆိုးခဲ့ရပြီး နည်းပြ (၃)ဦးအထိ အပြောင်းအလဲ လုပ်ဆောင်ခဲ့ရသလို အသင်းကလည်း ရာသီကုန်မှာ အဆင့် (၁၀)နေရာနဲ့သာ ရပ်တည်နိုင်ခဲ့ရပါတယ်။

Photo Credit : ilNapolista

ဒီလို အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နာပိုလီအသင်းက လာမယ့်ဘောလုံးရာသီအတွက် နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ပြင်ဆင်လာခဲ့ပြီး အခုတစ်ခေါက်မှာတော့ အင်တာမီလန် ဂျုဗင်တပ်စ်တို့နဲ့အတူ စီးရီးအေမှာ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ နည်းပြ ကွန်တီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ကွန်တီဟာ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရချိန်ကတည်းက အခုချိန်အထိ အသင်းလက်မဲ့ ဖြစ်လို့နေပြီး သူ့လို စီးရီးအေ အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ နည်းပြတစ်ဦးကိုလည်း စီးရီးအေ ကလပ်အသင်းတွေက အမြဲတမ်း စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : IFTV Official

လက်ရှိမှာတော့ နာပိုလီက ကွန်တီကို သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့က အတော်လေးကို နီးစပ်လျက် ရှိနေပြီဖြစ်ပြီး တကယ်လို့ ကွန်တီကလည်း နာပိုလီအသင်းနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် သူ့တပည့်ကျော် ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကိုပါ နာပိုလီဆီ ခေါ်ဆောင်သွားဖို့ စီစဉ်ထားခဲ့ပါတယ်။

နာပိုလီရဲ့ အားအထားရဆုံး တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က လာမယ့်နွေမှာ အသင်းကနေ သေချာပေါက် ထွက်ခွာသွားဖို့ ရှိနေပြီး ရိုးမားမှာ အငှားနဲ့ လာကစားနေရတဲ့ လူကာကူကလည်း သူ့ကို ရိုးမားက အပြီးသတ် မခေါ်ယူနိုင်လို့ ချယ်လ်ဆီးဆီ ပြန်သွားရဖို့ ရှိနေချိန် နာပိုလီ နည်းပြသစ် ဖြစ်လာနိုင်တဲ့ ကွန်တီက အိုဆီမန်နေရာအတွက် သူ့တပည့်ဟောင်း လူကာကူကို ခေါ်ယူသွားဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။