အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်တဲ့ ပထမဦးဆုံး အာရှသား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆွန်ဟောင်မင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုကို ရရှိအောင် အသင်းရဲ့နည်းပြဖြစ်သူ ကွန်တီ တယောက် ကူညီခဲ့ပုံတွေကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြန်ပြောင်း ပြောပြလာခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆွန်ဟောင်မင်က အာရှတိုက်ရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သလို နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို သွင်းဂိုး ၂၃ဂိုးနဲ့ ရယူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ဆွန်ဟောင်မင်က ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုကို လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ ပူးတွဲ ရယူနိုင်ခဲ့ပေမယ့် သူက နောက်ဆုံးပွဲစဉ် မကစားမီအထိ ဆာလာနဲ့ သွင်းဂိုး ၁ဂိုး ကွာဟနေခဲ့သလို နောက်ဆုံးပွဲစဉ်မှာ ဆာလာက သွင်းဂိုး ၁ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဖို့ စပါးနဲ့ နောဝှစ်ချ်တို့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ဖို့ လိုအပ်ခဲ့ပြီး စပါးတသင်းလုံးရဲ့ ဝိုင်းဝန်း ကူညီမှုကြောင့်ပဲ ဆွန်ဟောင်မင်က လိုအပ်နေတဲ့ သွင်းဂိုး ၂ဂိုးကို ဒုတိယပိုင်းမှာ ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ပင်နယ်တီ သွင်းဂိုးတွေ မပါဝင်ပဲ ရယူကာ အာရှတိုက်ရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကတော့ သူဟာ အသင်းရဲ့နည်းပြ ကွန်တီနဲ့ အသင်းသားတွေရဲ့ အကူအညီ ပေးခဲ့မှုကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး ကွန်တီက သူ ရွှေဖိနပ်ဆု ရအောင် အကူအညီ ပေးကြဖို့ အသင်းဖော်တွေကို ပြောကြားခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Photo Credit: Football London

ဆွန်ဟောင်မင်က – “ကျွန်တော့်ကို ရွှေဖိနပ်ဆုရအောင် ကူညီပေးခဲ့တဲ့ လူတွေထဲမှာ နည်းပြကွန်တီလည်း ပါဝင်ပါတယ်။ ကွန်တီက နောဝှစ်ချ်နဲ့ပွဲ ပထမပိုင်း ပြီးဆုံးတဲ့ အချိန်မှာ အသင်းဖော်တွေ အားလုံးအနေနဲ့ ကျွန်တော့်ကို ရွှေဖိနပ်ဆုရအောင် ကူညီရမယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ စကားအတိုင်းပဲ အသင်းဖော်တွေက ကျွန်တော့်ကို ကူညီပေးခဲ့ကြပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။