စီးရီးအေကလပ် ကိုမိုအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူက ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့သေးကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လလုံးမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က ယူနိုက်တက်ရဲ့ ကစားသမားစာရင်းကနေ ဖယ်ထုတ်ခဲ့ပြီးနောက် ဘာစီလိုနာ အေစီမီလန် ကိုမိုတို့ အပါအဝင် ဥရောပတစ်ခွင်က ကလပ်အသင်း တော်တာ်များများနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit : Goal

ကိုမိုအသင်းရဲ့ ဥက္ကဋ္ဌ မာဝမ် ဆူဝါဆိုက ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ အေစီမီလန်ရဲ့ သီယို ဟာနန်ဒက်ဇ်အပါအဝင် နာမည်ကြီး ကစားသမားအချို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကိုမိုဟာ ဒီကစားသမားတွေကို မခေါ်နိုင်ခဲ့ပေမယ့် အဲဗာတန်နဲ့ လမ်းခွဲထားတဲ့ ဒယ်လီ အလီကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Sky Italia နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကိုမိုအသင်းက ရပ်ရှ်ဖို့ဒ်နဲ့ ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့လားလို့ မေးတဲ့အခါ ဆူဝါဆိုက “ကျွန်တော်တို့ရဲ့ နည်းပြအတွက် သူ့ရဲ့ ဘောလုံးကစားဟန်နဲ့ လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဖြစ်နိုင်တဲ့အခါတိုင်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။”

Photo Credit : Eurosport

“ကစားသမားတွေရဲ့ နာမည်အများကြီးအကြောင်းကို ခင်ဗျား ဖတ်ပြီးပြီလို့ ထင်ပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အများအပြားက မှန်ပါတယ်။ ကျွန်တော်တို့ ကစားသမား တော်တော်များများနဲ့ နီးစပ်ခဲ့ပြီး တချို့က အသင်းကနေ ထွက်ခွာမသွားခဲ့ပါဘူး။ဟုတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သေးငယ်တဲ့ ကလပ်တစ်ခု ဖြစ်ကြောင်းလည်း သိထားပါတယ်။ ဒါကြောင့် လူတွေက ကျွန်တော်တို့ကို အလေးအနက်မထားကြပါဘူး။”

“ဒီနာမည်ကြီးတွေက ကိုမိုအကြောင်းကြားတဲ့အခါ မဟုတ်ဘူး၊ ငါ ချန်ပီယံလိဂ်မှာ ကစားချင်တယ်။ ဒါက အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော်တို့ အိပ်မက်မက်ကြပါတယ်။ လူသားတွေအနေနဲ့ ဒါက ကျွန်တော်တို့ကို အမြဲတမ်း ရှေ့ဆက်သွားစေတာပါ။ နေ့တိုင်း ကျွန်တော်တို့ တစ်ခုခုကို မျှော်လင့်နေကြပါတယ်။ နေ့တိုင်း မနေ့ကထက် ပိုကောင်းတဲ့ တစ်ခုခုကို လုပ်ဖို့ ကြိုးစားနေကြပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။