ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် ကိုးဝဲလ်က သူတို့အသင်းဟာ သန်ဘက်ခါမှာ ယှဉ်ပြိုင် ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ချန်ပီယံစိတ်ဓာတ် မွေးပြီး ပြိုင်ဘက် လီဗာပူးကို ယှဉ်ပြိုင် ကစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀နှစ် အရွယ် အင်္ဂလန် လူငယ်ခံစစ်မှူး လီဗီ ကိုးဝဲလ်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ခံစစ်မှူး ဖြစ်ပြီး သူက ဗဟိုခံစစ်နဲ့ ဘယ်နောက်ခံ နေရာတွေမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: The Sun

ကိုးဝဲလ်က ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးထားနိုင်သလို သူ ပါဝင်ကစားတဲ့ ပွဲအများစုမှာ ချယ်လ်ဆီးက ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၁ ချယ်လ်ဆီး ပွဲစဉ်မှာလည်း ကိုးဝဲလ်က ဒီဆာဆီနဲ့ တွဲဖက်ကာ ချယ်လ်ဆီးရဲ့ ခံစစ်ကြောင်းကို တာဝန်ယူကာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက ကိုးဝဲလ်ဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်း ဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

Photo Credit: Live Scores

လီဗီ ကိုးဝဲလ်ကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းဟာ ကာရာဘောင်းဗိုလ်လုပွဲမှာ ချန်ပီယံစိတ်ဓာတ်မျိုးနဲ့ ကစားသွားဖို့ ဆုံးဖြတ်ထားပြီး ကာရာဘောင်းရဲ့ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ကိုးဝဲလ်က – “ဗိုလ်လုပွဲမှာ ကျွန်တော်တို့က ချန်ပီယံတွေ ဆိုတာကို သက်သေပြသွားချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ချယ်လ်ဆီးအတွက် ဆုဖလားတွေ ရယူပေးနိုင်ပါတယ်။ ကျွန်တော်တို့က ကာရာဘောင်းဗိုလ်လုပွဲမှာ ဖလားကိုင်မြှောက်နိုင်အောင် ကြိုးစားသွားမှာပါ။ အသင်းမှာ ရှိတဲ့ လူတိုင်းက အသင်းအတွက် ဆုဖလားတွေ ရယူချင်ပေးချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဗိုလ်စွဲနိုင်အောင် ကြိုးစားမယ်။ အတူတူ တိုက်ပွဲဝင်မယ်။ ခြေစွမ်းကောင်းတွေ ပြပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။