ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အန်ဒီကိုးလ်က သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် နာပိုလီကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်ကို ရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗန်ပါစီနဲ့ ဝိန်းရွန်းနီတို့ကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် တိုက်စစ်ပိုင်း အတွက် များပြားလှတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ အများစုက ရိုနယ်ဒို ၊ အီဘရာဟီမိုဗစ်တို့လို အရွယ်လွန် တိုက်စစ်မှူးတွေပဲ ဖြစ်နေပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက ဒီရာသီမှာ သူတို့အသင်းရဲ့ အားအနည်းဆုံး နေရာတခု ဖြစ်နေပြီး မားကပ် ရက်ဖို့ဒ် တဦးထဲရဲ့ သွင်းဂိုးတွေ အပေါ်သာ မှီခိုနေရတာကြောင့် ယူနိုက်တက်ဟာ အနိုင်ရသင့်တဲ့ တချို့ပွဲတွေမှာ သရေကျခဲ့သလို သရေကျသင့်တဲ့ ပွဲတွေမှာလည်း တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါကြောင့်ပဲ အန်ဒီကိုးလ် အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး မဖြစ်မနေ ခေါ်ယူသင့်ကြောင်း အကြံပေးနေကြပြီး အန်ဒီကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ နာပိုလီနဲ့အတူ တောက်ပနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: The Sun

အန်ဒီကိုးလ်က – “အိုဆီမန်က မန်ချက်စတာ ယူနိုက်တက်အတွက် ရေရှည် အသုံးပြုလို့ ရမယ့် တိုက်စစ်မှူး တဦးပါ။ ဒီနေရာမှာ ယူနိုက်တက်နဲ့ အိုဆီမန်တို့ရဲ့ အပြောင်းအရွှေ့ အတွက် အရေးကြီးဆုံးက နာပိုလီဟာ အိုဆီမန်ကို လက်လွှတ်မလား ၊ လက်မလွှတ်ဘူးလား ဆိုတာပါပဲ။ အိုဆီမန်က အရပ်ရှည်တယ်။ ပြီးတော့ ဘောလုံး အထိန်းအသိမ်း ကောင်းတယ်။ ဂိုးတွေ သွင်းနိုင်တယ်။ ဘော်ဒီပိုင်းကလည်း အနေတော်ပါပဲ။ ကျွန်တော်က သူ့ကို လီဗာပူးနဲ့ပွဲမှာ သတိထားမိခဲ့တာပါ။ သူက အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားဖို့ အဆင်သင့် ရှိနေသလို အသင်းဖော်တွေ ဘောလုံးပြန်ထိုးပေးနိုင်မယ့် နေရာတွေဆီကိုလည်း ပြေးလွှားနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်က ဒီရာသီမှာ နာပိုလီအတွက် သွင်းဂိုး ၁၃ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပြီး နာပိုလီကတော့ အိုဆီမန်ရဲ့ တန်ကြေးကို ယူရို ၁၀၀သန်း သတ်မှတ်ထားပါတယ်။