ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂျိုကိုးလ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၂ ဘရန့်ဖို့ဒ် ပွဲအပြီးမှာ သူ့ရဲ့ အသင်းဟောင်းဟာ တိုက်စစ်မှူး ရှားပါးနေချိန်မှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို အသင်းပြောင်းခွင့် ပေးလိုက်တာကြောင့် အခုလို ရလဒ်တွေ ဆိုးဝါးနေတာလို့ ဝေဖန်သွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံ ကစားခဲ့ရာ အိမ်ကွင်းမှာ ကစားရတာ ဖြစ်ပေမယ့် ဧည့်သည်အသင်းကို အသာစီး မယူနိုင်ခဲ့ပဲ ဘောလုံးပိုင်ဆိုင်မှုသာ များပြီး တိုက်စစ်ဆင်မှုတွေက အတော်လေး အားနည်းခဲ့တာကို တွေ့ရပါတယ်။

Photo Credit: Goal

အဆိုပါပွဲမှာ ဧည့်သည် ဘရန့်ဖို့ဒ်က ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်နဲ့ ချယ်လ်ဆီးကို ဒုက္ခပေးဖို့ ကြိုတင် စီစဉ်လာခဲ့ပြီး ဘရန့်ဖို့ဒ်က သူတို့ စီစဉ်ထားတဲ့ ကစားပုံအတိုင်း ကစားနိုင်ခဲ့သလို ဘရန့်ဖို့ဒ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် နောက်ခံလူ ပင်နော့နဲ့ တိုက်စစ်မှူး အမ်ဘူမိုတို့က ပွဲချိန် ၅၈မိနစ်နဲ့ ၉၀+၆မိနစ်တွေမှာ အသီးသီး သွင်းယူပေးခဲ့တာပါ။

ချယ်လ်ဆီး ၀-၂ ဘရန့်ဖို့ဒ် ပွဲအပြီးမှာတော့ ချယ်လ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က ရလဒ်ဆိုးတွေ အတွက် နည်းပြချုပ် ပိုချက်တီနိုနဲ့ ကစားသမားတွေကို အပြစ်မတင်ချင်ကြောင်းနဲ့ တကယ်တမ်း အပြစ်ရှိတဲ့ လူတွေဟာ လူကာကူကို ရိုးမားဆီ အငှားချလိုက်တဲ့ လူတွေသာ ဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit: The Sun

ဂျိုကိုးလ်က – “ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ လူတွေကတော့ အမြဲတမ်း အသင်းရဲ့ ကောင်းကြောင်းတွေကိုပဲ ပြောနေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အသင်းက ဂိုးတွေ ရအောင်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လူကာကူက အမှားတွေ လုပ်ခဲ့မိပေမယ့် သူက အသင်းရဲ့ လူစာရင်းထဲမှာ ရှိနေခဲ့ပါတယ်။ သူက အင်တာမီလန်မှာ အောင်မြင်ခဲ့သလို ဝက်စ်ဘရွန်း ၊ အဲဗာတန် စတဲ့ အသင်းတွေနဲ့လည်း ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာကြောင့် သူက ချယ်လ်ဆီးမှာ မအောင်မြင်နိုင်ရမှာလဲဗျာ။ သူ့မှာ ဘာအားနည်းချက်တွေများ ရှိလို့လဲ။ သူက အခု ရိုးမားအတွက် ဂိုးတွေ အများကြီး သွင်းပေးနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့က အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဝေဖန်ရပါတော့မယ်။ ကျွန်တော်တို့အသင်းမှာ ဘာတွေ မှားနေတာလဲ။ ကျွန်တော်က နည်းပြကို နည်းနည်းလေးတောင် မဝေဖန်ချင်ပါဘူး။ သူနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေက တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေကြတာပါ။ ကစားသမားတွေကိုလည်း မဝေဖန်ချင်ပါဘူး။ ကစားသမားတိုင်းက အရည်အသွေး ရှိတဲ့ ကစားသမားတွေပါပဲ။ အသင်းရဲ့ လူစာရင်းက မညီမျှတဲ့ အနေအထားမျိုး ရှိနေတာပါ။ (ကွင်းလယ်နဲ့ ခံစစ်မှာ ကစားသမား များပြီး ၊ တိုက်စစ်မှူး ကစားသမား နည်းပါးနေမှုကို ရည်ရွယ်လျက်) အသင်းရဲ့ အတွင်းပိုင်းမှာ အတော်လေး ကြီးမားတဲ့ မှားယွင်းမှုတွေ ရှိနေပါပြီ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။