ပရီးမီးယားလိဂ် ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဘုတ်အဖွဲ့က ပေါင် ၃၀၀သန်း အထိ အကုန်အကျ ခံကာ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်ကို အဆင့်မြှင့်တင်ဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှ စတင်ကာ အီတီဟတ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးဟာ အီတီဟတ်ကို ပိုင်ဆိုင်ထားစဉ် ကာလအတွင်းမှာ ကွင်းကို အဆင့်မြှင့်တင်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Manchester City

အီတီဟတ်ကွင်းကို ၂၀၀၂ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အီတီဟတ်ကွင်းကို စဆောက်တဲ့ အချိန်မှာ လူဦးရေ ၈၀၀၀၀ အထိ ဆန့်တဲ့ ကွင်းကြီး အဖြစ် ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဘတ်ဂျက် လိုအပ်ချက်ကြောင့် ထိုင်ခုံပေါင်း ၄၀၀၀၀ကျော်သာ တပ်ဆင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးက အီတီဟတ်ကို လူဦးရေ ၅၃၄၀၀ ဆန့် ကွင်းကြီး အဖြစ် ပြောင်းလဲ ပြင်ဆင်ထားသလို ကွင်းတွင်း ၊ ကွင်းပြင်မှာ အဆင့်မီ အဆောက်အအုံတွေ ဆောက်လုပ်ထားတာကြောင့် အီတီဟတ်ကွင်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘောလုံးကွင်းတွေထဲက တကွင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Manchester City

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ ဘုတ်အဖွဲ့က အီတီဟတ်ကွင်းရဲ့ အခြေအနေကို အားမရသေးပဲ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းလို ကြီးမားတဲ့ ကွင်းကြီးတခု ဖြစ်အောင် ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာ စီးတီးဟာ လာမယ့် ဘောလုံးရာသီမှ စတင်ကာ ပေါင် ၃၀၀သန်းကျော် အကုန်အကျခံကာ အီတီဟတ်ရဲ့ ပရိသတ်ဝင်ဆန့်မှုကို တိုးမြှင့်မယ်ဖို့ စီစဉ်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ စီးတီးက အီတီဟတ်ကို ပရိသတ် ၅၃၄၀၀ဆန့် ကွင်းအဖြစ် ကနေ ပရိသတ် ၆၁၀၀၀ဆန့် ကွင်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာ စီးတီးဟာ ကွင်းထဲမှာ ထိုင်ခုံသစ် ၁၀၀၀၀နီးပါးနဲ့ အခြား လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ ထည့်သွင်း ဆောက်လုပ်ဖို့ အတွက် ပေါင် ၃၀၀သန်းကျော် အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။