မန်ချက်စတာ မြို့ခံကလပ်အသင်း နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ အဲဗာတန်အသင်းရဲ့ လူငယ် ခံစစ်ကစားသမားလေး ဂျရတ် ဘရန့်ဝိတ်ကို အပြိုင်အဆိုင် ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန် ယူ-၂၁ နောက်ခံကစားသမားလေး ဘရန့်ဝိတ်ဟာ ၂၀၂၀ကတည်းက အဲဗာတန်အသင်းဆီ ရောက်ရှိနေပေမယ့် ဘလက်ဘန်းနဲ့ PSV အသင်းတွေဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရရင်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှသာ အဲဗာတန်အတွက် ပွဲကစားခွင့်တွေ ရရှိလာခဲ့ပါတယ်။

Photo Credit : Transfermarket

ဗဟိုခံစစ်ကစားသမားတစ်ဦးရဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းမျိုးဖြစ်တဲ့ အရပ် (၆)ပေ (၅)လက်မအထိ မြင့်မားတဲ့ ခံစစ်မှူး ဘရန့်ဝိတ်ဟာ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ပွဲကစားခွင့်တွေ တောက်လျှောက် ရရှိလို့နေတဲ့အပြင် အင်္ဂလန် လက်ရွေးစင်အသင်းကလည်း အခု International Break သူ့ကို အသင်းအတွက် စတင် ရွေးချယ်ခဲ့ပါတယ်။

ဒီလို လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ခံစစ်မှူး ဘရန့်ဝိတ်ကို မန်ယူနိုက်တက်အသင်းက စတင် စိတ်ဝင်စားလာခဲ့သလို ရီးယဲလ် မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေတယ်လို့ သတင်းတွေမှာ အကျယ်အဝင့် ဖော်ပြလာကြပါတယ်။

Photo Credit : The Times

ဒီလို နာမည်ကြီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခံနေရတဲ့ ဘရန့်ဝိတ်ကို လက်ရှိမှာ ပရီးမီးယားလိဂ် မာစတာကြီးလို့ ပြောရမယ့် မန်စီးတီးအသင်းကပါ ထပ်တိုး စိတ်ဝင်စားလာတာကြောင့် ဘရန့်ဝိတ်ရဲ့ အနာဂတ်ကတော့ တကယ်ကို တောက်ပနေပြီလို့တောင် ဆိုနိုင်ပါတယ်။

ကစားသမားလေးရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၃၀)သာ ရှိနေပေမယ့် အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာတွေ ဥရောပထိပ်တန်း အသင်းတွေရဲ့ ပစ်မှတ် ဖြစ်နေတာတွေကြောင့် အဲဗာတန်ဘက် ဘရန့်ဝိတ်အတွက် အနိမ့်ဆုံး ယူရို (၆၅)သန်းလောက်အထိပါ တောင်းဆိုလာနိုင်ပါတယ်။