ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ပစ်မှတ် တဦး ဖြစ်သူ ဒီကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး မြင့်မားတာကြောင့် မခေါ်ဖို့ ဆုံးဖြတ်ပြီးနောက် လီဗာပူးရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဗီဂါကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းခေါင်းဆောင် ဂန်ဒိုဂန်ကို ဆုံးရှုံးထားရသလို နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားကိုပါ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: MEN

လက်ရှိမှာ မန်ချက်စတာ စီးတီးက ခရိုအေးရှား ကွင်းလယ်လူ ကိုဗာဆစ်ကို ချယ်လ်ဆီးဆီ ကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ခေါ်ယူထားနိုင်ပြီး မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ကိုဗာဆစ်ကို ရရှိပြီးနောက် ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က ရိုက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ တောင်းဆိုနေတာကြောင့် ရိုက်စ်ကို မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မန်ချက်စတာ စီးတီးက ဒီကလန်ရိုက်စ်ကို လက်လွှတ်ခဲ့ပေမယ့် ကွင်းလယ်လူသစ် တဦး ခေါ်ယူမယ့် အစီအစဉ်ကို မရုတ်သိမ်းသေးပဲ မန်ချက်စတာ စီးတီးက ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ပစ်မှတ် ကွင်းလယ်လူ တဦး ဖြစ်သူ ဆဲလ်တာဗီဂို လူငယ်ကြယ်ပွင့် ဗီဂါကို ခေါ်ယူဖို့ ပြောင်းလဲ စိတ်ဝင်စားလာပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ဆဲလ်တာဗီဂိုမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဗီဂါကို ခေါ်ဖို့ စိတ်ဝင်စားလာပြီး မန်ချက်စတာ စီးတီးက ဗီဂါကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၀သန်း ပေးချေရုံနဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လူငယ်ကြယ်ပွင့် ဗီဂါက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆဲလ်တာဗီဂို အတွက် ပြိုင်ပွဲစုံ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။