မန်ချက်စတာ စီးတီးအသင်းကတော့ အသင်းမှာ ဂိုးသွင်းစက် အာလင်း ဟာလန်း ရှိနေတာတောင်မှ ဘရိုက်တန်အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကိုပါ လာမယ့်နှစ်မှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီးက ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကမှ နော်ဝေ တိုက်စစ်မှူး ဟာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူခဲ့ပြီး ဟာလန်းကလည်း သူရဲ့ စီးတီး ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီမှာပဲ အသင်းလိုက် အောင်မြင်မှုတွေရော တစ်ဦးချင်း အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
ဟာလန်းက ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဘယ်ကစားသမားမှ မရယူဖူးသေးတဲ့ သွင်းဂိုးစံချိန်သစ်ကို ရယူနိုင်ခဲ့သလို မန်စီးတီးနဲ့လည်း တစ်ရာသီအတွင်းမှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေပြိုင်ပွဲတွေမှာ ဆုဖလား (၃)လုံးအထိ ရယူနိုင်ခဲ့ပါသေးတယ်။
ဒီလို တိုက်စစ်မှူးကောင်းတစ်ဦး ပိုင်ဆိုင်ထားတဲ့ မန်စီးတီးက အိုင်းရစ် ဟာရီကိန်းလို့ တင်စား ခေါ်ဆိုခံနေရတဲ့ အသက် (၁၈)နှစ်အရွယ် အိုင်ယာလန် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကိုပါ အသင်းတိုက်စစ်အတွက် ထပ်မံ အားဖြည့်သွားချင်နေပါသေးတယ်။
Photo Credit : Goal
ဒီနောက်ပိုင်းမှာ ကစားသမားကောင်းတွေ အတော်လေး ထွက်ပေါ်တက်တဲ့ ဘရိုက်တန်အသင်းရဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုဖြစ်သော ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ကလပ်အသင်းကြီးတွေ စိတ်ဝင်စားခံရတဲ့ လူငယ် ကစားသမားလေးတစ်ဦးဖြစ်ပြီး အခုလည်း သူ့ကို စီးတီးကပါ ပစ်မှတ်ထားလာခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ဖာဂူဆန်ရဲ့ တန်ကြေးက ယူရို သန်း(၃၀)သာ ရှိသေးတယ်လို့ transfermarket မှာ ဖော်ပြထားပေမယ့်လည်း ဘရိုက်တန်နဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတာနဲ့ အသက် ငယ်ရွယ်လွန်းနေသေးတာတွေကြောင့် ယူရို သန်း(၁၀၀)လောက်အထိပါ ဈေးတက်သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။