မန်ချက်စတာ စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား လူးကပ်စ် ပါကေတာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၇၀)နဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားခဲ့တယ်လို့ ဘရာဇီးလ် သတင်း outlet တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးအသင်းက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သူ ဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းဆီ လက်လွတ်ရပြီးနောက် ကိုဗာဆစ်ကို ပြန်လည် ခေါ်ယူထားခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်း အားဖြည့်မှုတွေ ထပ်မံ လုပ်ဆောင်ချင်နေတဲ့အတွက် အခုလို ဝက်ဟမ်း ကွင်းလယ်လူ ပါကေတာကို ချဉ်းကပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

အသက် (၂၅)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကစားသမား ပါကေတာဟာ အေစီမီလန် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ကွင်းလယ် တိုက်စစ်နေရာမှာ အဓိက ဆော့ကစားတတ်သူလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ပါကေတာကို ၂၀၂၂ခုနှစ်ကမှ လိုင်ယွန်ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းဘက်က ပါကေတာအတွက် ဘယ်လောက် ပမာဏအထိ သုံးစွဲခဲ့ရသလဲ ဆိုတာကို တရားဝင် ချပြထားခြင်း မရှိပေမယ့် BBC ရဲ့ ဖော်ပြချက်အရ ပေါင် သန်း(၅၀)လောက်အထိ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Twitter

ပါကေတာက သူရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ပွဲပေါင်း (၂၈)ပွဲ ကစားပေးနိုင်ခဲ့ပြီး (၄)ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။ ပါကေတာက ဝက်စ်ဟမ်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နေတာကြောင့် သူ့ကို ထိပ်တန်း ကလပ်အသင်းတွေကပါ စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

လက်ရှိမှာတော့ ပါကေတာကို ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကပါ ပစ်မှတ်ထားလာခဲ့ပြီး ကမ်းလှမ်းမှုလည်း ပြုလုပ်ထားပေမယ့် ဒက်ကလန်ရိုက်စ်ကို လက်လွတ်ထားခဲ့ရတဲ့ ဝက်စ်ဟမ်းက ပါကေတာလို main player နောက်တစ်ဦးကို ဆက်လက် အဆုံးရှုံးခံဖွယ် မရှိနိုင်လို့ စီးတီး ပါကေတာကို ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်ပြီး ငွေကြေးလည်း ပိုမို အသုံးပြုရနိုင်ပါတယ်။