အာဖရိကတိုက်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ ဆစ်ဆီကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ သူ့ရဲ့ လက်ရှိကလပ် လီဗာပူးကို စွန့်ခွာပြီး ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် ဆာဒီယို မာနေးက လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာ လီဗာပူးကို စွန့်ခွာကာ အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Bild

လက်ရှိအချိန်မှာတော့ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဆာဒီယို မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မာနေးကလည်း ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် မကြာခင်မှာပဲ ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။

ဆီနီဂေါအသင်းရဲ့ နည်းပြဖြစ်သူ ဆစ်ဆီကလည်း မာနေးရဲ့ လီဗာပူးကို စွန့်ခွာမယ့် အကြံအစည်ကို ထောက်ခံသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်က မာနေးအတွက် အကောင်းဆုံး နေရာတခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bild

ဆစ်ဆီက – “ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကစားသမားတွေကို ရာသီသစ် မစတင်ခင်မှာပဲ စာချုပ်ကိစ္စတွေ အပြီးသတ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါမှပဲ သူတို့က ရာသီကြို ခြေစမ်းပွဲတွေ စတင်တဲ့ အချိန်မှာ သက်ဆိုင်ရာ အသင်းတွေ အတွက် အာရုံစိုက်ပြီး ကစားနိုင်မှာပါ။ ကျွန်တော်က ဆာဒီယိုနဲ့ ဘိုင်ယန်တို့ရဲ့ သတင်းကိုလည်း ကြားထားပါတယ်။ ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ်ဟာ မာနေးနဲ့ ကိုက်ညီတဲ့ အသင်းတသင်းလို့ မြင်ပါတယ်။ ဘိုင်ယန်မြူးနစ်က အမြဲတမ်းလိုလို ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ဖိအားပေး ကစားတဲ့ ကစားပုံမျိုးကို ပိုင်ဆိုင်ထားတဲ့ အသင်းတသင်းပါ။ ဆာဒီယိုက ဂျာမဏီနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဩစတီးယားနိုင်ငံမှာ ကစားခဲ့ဖူးပါတယ်။ ဒါကြောင့် ဂျာမဏီနိုင်ငံဆီ ပြောင်းရွှေ့တာက သူ့အတွက် သူစိမ်းဆန်တဲ့ နေရာသစ် တခုဆီ ပြောင်းရွှေ့တာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် အကောင်းဆုံးအသင်းလို့ပဲ မြင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်က မာနေးအတွက် တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေသလို လီဗာပူးကလည်း ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ရရှိရင် မာနေးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။