လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားရမယ့် ခါရာဘောင် လိဂ်ဖလားပြိုင်ပွဲက ချန်ပီယံလိဂ်ဖလားထက်တောင် ပိုမို အရေးကြီးနေရတယ်လို့ ချယ်လ်ဆီး ဘယ်နောက်ခံလူ ဘင်ချီဝဲလ်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ နည်းပြသစ် ပိုချက်တီနိုလက်ထက် ရလဒ်ပိုင်းတွေ တည်ငြိမ်မှု မရှိပဲ အမှတ်ပေးဇယားအတွင်း အဆင့်(၁၀)နေရာမှာ ရပ်တည်လျက် ရှိနေသလို အဆင့်(၄)နေရာက အက်စတွန် ဗီလာအသင်းနဲ့ပါ ရမှတ် (၁၄)မှတ်အထိ ကွာဟနေရပါတယ်။

Photo Credit : Youtube

ပရီးမီးယားလိဂ်မှာ အခြေအနေ သိပ်မကောင်းလှပေမယ့်လည်း လိဂ်ဖလားဘက်မှာတော့ ဖိုင်နယ်အထိ ရောက်ရှိနေသလို အက်ဖ်အေဖလားမှာလည်း ပဉ္စမအဆင့်အထိ ရောက်ရှိနေပါတယ်။ လက်ရှိမှာလည်း ချယ်လ်ဆီးအနေနဲ့ ဒီရာသီအတွက် ဖလားတစ်လုံး ရယူနိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပါတယ်။

လိဂ်ဖလားနဲ့ ပတ်သက်ပြီး ဘင်ချီဝဲလ်က “အသင်းအတွက် အသင်းက နည်းပြတွေနဲ့ ဝန်ထမ်းတွေ အသင်းပရိသတ်တွေအတွက် ဒီဖလားကို အရ ယူဆောင်နိုင်ဖို့က အလွန်ကို ကြီးမားတဲ့ ကိစ္စကြီးပါပဲ။ အခု ကျွန်တော်တို့ သွားချင်နေတဲ့ ပုံစံက ချန်ပီယံလိဂ်ဖလားကို ရယူတာထက်တောင် အရေးကြီးနေသလိုပါပဲ။”

Photo Credit : The Independent

“ချယ်လ်ဆီးအသင်းဟာ အရင်ကတည်းက ဆုဖလားတွေ အများအပြား ဆွတ်ခူးခဲ့တဲ့ အသင်းဖြစ်လို့ ဒါနဲ့ပက်သက်ပြီး လူငယ် ကစားသမားလေးတွေက ဒီဖိအားတွေနဲ့ အမြဲတမ်းလိုလို ကြုံတွေ့ခံစားရတက်ပါတယ်။ ကစားသမားလေးအတွက် ဒီလို ဖိအားတွေ ရိုက်သွင်းပေးဖို့ မလိုအပ်ပါဘူး။”

“အစစအရာရာ အဆင်ပြေသွားတဲ့ တစ်နေ့ကျရင် အသင်းမှာ ရှိနေတဲ့ လူငယ် ကစားသမားလေးတွေရဲ့ အရည်အသွေးတွေကြောင့် ကျွန်တော်တို့အသင်းက ဆုဖလားတွေနဲ့ အမြဲတမ်း နီးနီးကပ်ကပ် ရှိနေနိုင်တော့မှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။