ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကော်လီမိုးကတော့ အကယ်၍ ယာဂင် ကလော့ပ်ကသာ လီဗာပူး ကနေ ထွက်သွားရင် ချယ်လ်ဆီးက ကလော့ပ်ကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ် ဆိုပြီးတော့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ဒုတိယနေရာကို ရရှိခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ကာရာဘောင်းနဲ့ အက်ဖ်အေဖလားတို့ကို လက်လွှတ်ထားရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၂) အပြီးမှာ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က အသင်းကို ကိုင်တွယ်တာ ၈နှစ်ကျော်လာချိန်မှာ လီဗာပူးကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး လီဗာပူးရဲ့ ပိုင်ရှင်ဖြစ်တဲ့ FSGက ကလော့ပ်ကို လက်မလွှတ်ရရေး အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။

လီဗာပူးရဲ့  တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန် အထိ အသင်းနဲ့ အဆက်အသွယ် မပြတ်သေးတဲ့ ကော်လီမိုးကတော့ ကလော့ပ်ဟာ မကြာခင်မှာ လီဗာပူး ကနေ ထွက်သွားနိုင်ကြောင်း ဖွင့်ဟ ဝန်ခံခဲ့သလို ကလော့ပ်သာ လီဗာပူးကို စွန့်ခွာသွားရင် ချယ်လ်ဆီးက ကလော့ပ်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Metro

ကော်လီမိုးက – “ကလော့ပ် တယောက် လီဗာပူးကနေ ထွက်သွားနိုင်ချေ ရှိတာဟာ တကယ့် အရှိတရားပါ။ တကယ်လို့ FSGကသာ ကလော့ပ်ကို ထုတ်လိုက်ရင် သူတို့က အဲ့ဒီနေရာ အတွက် ကလော့ပ်ထက် ပိုကောင်းတဲ့ နည်းပြကို ရှာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလော့ပ်နဲ့ ပတ်သတ်ပြီး ပြောနေကြတဲ့ စကားတွေ အတွက် ထိန်းထိန်းသိမ်းသိမ်း ပြောကြဖို့ အကြံပေးချင်ပါတယ်။ တကယ်လို့ ကလော့ပ်သာ လီဗာပူးကနေ ထွက်သွားလို့ အသင်းလက်မဲ့ နည်းပြ ဖြစ်သွားခဲ့ရင် ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့က သူ့ကို ခေါ်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ချယ်လ်ဆီးကတောင် ကလော့ပ်ကို ခေါ်ဖို့ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်ကတော့ လီဗာပူးဟာ ကလော့ပ်ကို ထုတ်သင့်နေပြီလို့ မထင်ပါဘူး။ ကျွန်တော်တို့က နောက်ဆုံး ၆လမှာပဲ ဆိုးရွားတဲ့ အရာတွေနဲ့ ကြုံတွေ့ထားရတာပါ။ အဲ့ဒီ ၆လရဲ့ အနောက်ကို ပြန်ကြည့်လိုက်ရင် အရာအားလုံး အဆင်ပြေခဲ့ပါတယ်” လို့ ပြောကြားလာတာပဲ ဖြစ်ပါတယ်။