ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၀-၄နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

ချယ်လ်ဆီးက ၁၆သင်း ရှုံးထွက်အဆင့်မှာ ဒေါ့မွန်ကို အနိုင်ရ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ ကံမကောင်းစွာနဲ့ပဲ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်က နှစ်ကျော့စလုံးမှာ ချယ်လ်ဆီးကို ကစားကွက်အသာ ၊ ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

စတမ်းဖို့ဒ် ဘရေ့ချ်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အနိုင်ရရေး အတွက် အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး ယာယီနည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ ရှုံးပွဲဆက်နေတဲ့ ချယ်လ်ဆီးက ရီးရဲလ်မက်ဒရစ်ထက် ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းနဲ့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာနား ရောက်သွားရင် ဘာလုပ်ရမလဲ မသိတော့တဲ့ အချက်တွေကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခဲခဲ့ကာ တန်ပြန်တိုက်စစ် ကနေ ရိုဒရီဂိုရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာပါ ရီးရဲလ်မက်ဒရစ်ကို ဒူးထောက်ခဲ့ရပါတယ်။

အဆိုပါရှုံးပွဲကြောင့် ချယ်လ်ဆီးက ယာယီနည်းပြ အဖြစ် အားကိုးတကြီး ခန့်အပ်ခဲ့တဲ့ လမ်းပတ်ရဲ့ လက်အောက်မှာ ပြိုင်ပွဲစုံ ၄ပွဲဆက် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ချယ်လ်ဆီးပရိသတ်တွေက ယာယီနည်းပြ လမ်းပတ်ကို ထုတ်ပယ်ကာ အသင်းကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့် နည်းပြသစ် တဦး အလျင်အမြန် ခန့်အပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Photo Credit: BBC

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဘုတ်အဖွဲ့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို လမ်းပတ်ရဲ့ လက်အောက်မှာ ၄ပွဲကစား ၄ပွဲစလုံး ရှုံးနိမ့်ခဲ့ပေမယ့် လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိပဲ လမ်းပတ်ကို ရာသီကုန် အထိ ကိုင်တွယ်ခိုင်းကာ နည်းပြသစ်ကို နွေရာသီ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး နာဂယ်စမန်းကလည်း ချယ်လ်ဆီးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတာကြောင့် နာဂယ်စမန်းဟာ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။