ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ မန်ချက်စတာ စီးတီး ကနေ သူတို့အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ကိုးလ် ပါလ်မာကို လုပ်ခလစာ တိုးပေးတော့မယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုးလ် ပါလ်မာက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၇သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Euro Sports

ကိုးလ် ပါလ်မာက မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းသစ်နဲ့ ချက်ချင်း အထိုင်ကျခဲ့သလို သူ့ရဲ့ အတိုးအလှုပ် ၊ အလိမ်အခေါက်တွေနဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားနေပြီး ပါလ်မာဟာ အချိန်တိုအတွင်းမှာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကိုးလ် ပါလ်မာက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Chelsea

ပါလ်မာက ချယ်လ်ဆီးရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေပေမယ့် သူက တပတ် လုပ်ခလစာ ပေါင် ၈၀၀၀၀ ဝန်းကျင်သာ ရှိပြီး သူ့ရဲ့ လုပ်ခလစာဟာ သူ့ရဲ့ ခြေစွမ်းနဲ့ ကိုက်ညီမှု မရှိတာကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ပါလ်မာကို လုပ်ခလစာ တိုးမြှင့်ပေးဖို့ စီစဉ်နေကြပါပြီ။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ခြေစွမ်းပြနေတဲ့ ပါလ်မာကို လုပ်ခလစာ တိုးမြှင့်ပေးတော့မှာ ဖြစ်ပြီး ချယ်လ်ဆီးဟာ ပါလ်မာရဲ့ လုပ်ခလစာ အပြင် အခြားခံစားခွင့်တွေကိုပါ တိုးမြှင့်ပေးမယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ စတာလင်း ၊ ရစ်စီဂျိမ်းစ် စတဲ့ ကစားသမားတွေက တပတ် လုပ်ခလစာ ပေါင် ၂သိန်း ဝန်းကျင် ရရှိနေတာကြောင့် ပါလ်မာရဲ့ လုပ်ခလစာအသစ်က ပေါင် ၁သိန်းခွဲ ဝန်းကျင် ဖြစ်နိုင်ပါတယ်။