ချယ်လ်ဆီးအသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကို အင်အား ဖြည့်တင်းဖို့အတွက် ဆော်ဒီလိဂ်ကို ရောက်ရှိနေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး နှစ်ဦးကို မျက်စိကျလျက် ရှိနေပါတယ်။

ဆော်ဒီလိဂ်မှာ အဆင်မပြေ မပျော်မရွှင် ဖြစ်နေတဲ့ အယ်လ်အစ်တီဟတ် တိုက်စစ်မှူး ကာရန် ဘန်ဇီမာ နဲ့ အယ်လ်အာလီ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုတို့က တစ်ဦးဦးကို ချယ်လ်ဆီးက အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Instagram

ချယ်လ်ဆီးအသင်းက ဒီနွေမှာ အန်ကွန်ကူ ပါလ်မာ ဂျက်ဆင်တို့လို တိုက်စစ် ကစားသမားတွေကို ဖြည့်တင်းထားခဲ့ပေမယ့် ပါလ်မာ တစ်ဦးသာ ဒဏ်ရာကင်းကင်းနဲ့ အသင်းအတွက် ခြေစွမ်းပြနိုင်ပြီး အန်ကွန်ကူက ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရသလို ဂျက်ဆင်ကလည်း လက်ရှိမှာ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲနေရပါတယ်။

အသင်းတိုက်စစ်မှာ စတာလင်က အားထားနေရပေမယ့် ဘရိုဟာ မူဒဂစ်ခ် မာဒူအက်ခေတို့ကတော့ သွင်းဂိုးတွေ ပုံမှန် သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ချယ်လ်ဆီးအနေနဲ့ အနည်းဆုံး အထောင်တိုက်စစ်မှူး တစ်ဦးခန့်လောက် လိုအပ်လာခဲ့ပါတယ်။

Photo Credit : Football Transfer

No.(9) Striker အဖြစ် နာပိုလီရဲ့ ဗစ်တာ အိုဆင်မန်ကို ခေါ်ယူချင်ပေမယ့်လည်း အခုထက် လာမယ့် နွေဈေးကွက်မှသာ ကမ်းလှမ်းလို့ အဆင်ပြေနိုင်တာကြောင့် ချယ်လ်ဆီးက တိုက်စစ်ပိုင်းအတွက် ဝါရင့် တိုက်စစ်မှူး (၂)ဦးကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ချယ်လ်ဆီး ပစ်မှတ် ဘန်ဇီမာ နဲ့ ဖာမီနိုတို့ဟာ ဆော်ဒီမှာ မပျော်ရွှင်နေပြီး ဆော်ဒီကနေ ဥရောပ ဘောလုံးနယ်ပယ်ဆီ ပြန်သွားဖို့လည်း စိတ်အားထက်သန်လျက် ရှိနေကြပါတယ်။ ရီးယဲလ် ကစားသမားကြီး ဘန်ဇီမာကို ချယ်လ်ဆီးအပြင် မန်ယူနိုက်တက် အာဆင်နယ်တို့ကလည်း စောင့်ကြည့်နေပြီး ဖာမီနိုကိုတော့ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ် အသင်းတွေလောက်သာ စိတ်ဝင်စားနေပါတယ်။