ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အိုင်ဗန်တိုနေးကို လာမယ့် ဈေးကွက်အတွင်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : A Stamford Bridge Too Far

ချယ်လ်ဆီးဟာ လက်ရှိ တိုက်စစ်ပိုင်းမှာ အူဘာမီယန်း ဘရိုဟာတို့ နှစ်ဦးတည်းသာ အထောင်တိုက်စစ် ကစားသမားတွေအဖြစ် ရှိနေကြပြီး ကစားသမားနှစ်ယောက်လုံးရဲ့ တိုက်စစ်စွမ်းရည်တွေက အားရစရာ အနေအထားမှာ ရှိမနေတဲ့အတွက် တိုက်စစ်မှူးတစ်ဦးခန့်လောက် ခေါ်ယူဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား တိုနေးကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့သလို တိုနေးကိုလည်း ချယ်လ်ဆီးနဲ့အပြိုင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားနေတာမို့ ခက်ခက်ခဲခဲ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Photo Credit : MySportDab

 

အသက်(၂၆)နှစ်အရွယ်ရှိ အထောင်တိုက်စစ်မှူး တိုနေးဟာ နယူးကာဆယ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ တတ်လှမ်းလာခဲ့ချိန်မှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၂)ဂိုးသွင်း (၅)ဂိုး ဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာလည်း လိဂ်ပွဲ (၁၄)ပွဲ ကစားထားပြီးချိန် (၁၀)ဂိုးထိ သွင်းယူထားကာ (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ မနှစ်ကထက် ဒီရာသီမှာ ခြေစွမ်းပိုင်းတွေ ပိုမို တိုးတတ်လာခဲ့ပြီး မန်စီးတီးကို အယ်တီဟတ်ကွင်းထဲ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပါ ဘရန့်ဖို့ဒ်အတွက် သွင်းဂိုး(၂)ဂိုးလုံးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အာလင်းဟာလန်း ဟာရီကိန်းတို့နောက် တတိယနေရာမှာ ရပ်တည်နေတဲ့ တိုနေးဟာ ဆာလာ ဂျေဇူး ဆွန်ဟောင်မင် ရပ်ရှ်ဖို့ဒ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်း တိုက်စစ်ကစားသမားတွေထက် သွင်းဂိုးအရေအတွက် သာလွန်နေရပါတယ်။ ဒါကြောင့်လည်း တိုနေးကို ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က အပြိုင် အလိုရှိနေတာဖြစ်ပြီး လာမယ့် နွေဈေးကွက်မှာပဲ ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်ဖွယ် ရှိနေရပါတယ်။ လက်ရှိမှာတော့ တိုနေးဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထည့်သွင်း ရွေးချယ်ခံရခြင်း မရှိတာကြောင့် သူရဲ့ ပထမဆုံး လက်ရွေးစင်ပွဲကို လာမယ့် ၂၀၂၃နှစ်မှသာ စတင် ကစားရဖွယ် ရှိနေပါတယ်။