ကဲ ဒီတပတ် ကြားရက်မှာ ပရိသတ်တွေ မျှော်နေကြတဲ့ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ်တို့လို ဥရောပပွဲတွေ မရှိပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ ပရိးမီးယားလိဂ် ပွဲကျန်တွေ ကျန်ရှိနေပါသေးတယ်။ ဒီညမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလို ပွဲကြီးပွဲကောင်း အပြင် တခြား ပရီးမီးယားလိဂ် ပွဲကျန်တွေ ကစားဖို့ ရှိနေတာကြောင့် ထုံးစံအတိုင်းပဲ ကျွန်တော်က ပွဲကြို သုံးသပ်ချက်လေး လုပ်ပေးသွားချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ…။

Photo Credit: Goal

ချယ်လ်ဆီးနဲ့ လီဗာပူး (ဗုဒ္ဓဟူးနေ့ မနက် ၁နာရီခွဲ)

ဂရေဟမ် ပေါ်တာအလွန် ပထမဦးဆုံးပွဲမှာ ချယ်လ်ဆီး ကစားသမားတွေ ဘယ်လိုမျိုး တုံ့ပြန်လာမလဲ ဆိုတာဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂရေဟမ် ပေါ်တာ မရှိတော့ချိန်မှာ ပေါ်တာရဲ့ လက်ထောက်နည်းပြ ဆောလ်တာက ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ဖို့ ရှိနေပါတယ်။ ဂရေဟမ် ပေါ်တာ မရှိတော့ပေမယ့် ချယ်လ်ဆီးရဲ့ ကစားသမားအင်အားက တောင့်တင်းလွန်းတာကြောင့် ဆောလ်တာကသာ ပွဲထွက်လူစာရင်းကို မှန်မှန်ကန်ကန် ပြင်ဆင်နိုင်မယ် ဆိုရင် ချယ်လ်ဆီးရဲ့ ကစားအားကို လျှော့တွက်လို့ မရပါဘူး။

တဖက်မှာတော့ ယာဂင် ကလော့ပ်ရဲ့ လီဗာပူးက ဒီရာသီမှာ အတော်လေးကို ရလဒ်တွေ ဆိုးဝါးနေပါတယ်။ လီဗာပူးက အိမ်ကွင်းပွဲတွေ ဆိုရင် တည်ငြိမ်သလောက် အဝေးကွင်းရောက်ရင် ခြေစွမ်းရော ၊ စိတ်ဓာတ်ပိုင်းပါ ယိမ်းယိုင်သွားလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီရာသီမှာ လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်းပွဲ ၃ပွဲဆက် ရှုံးနိမ့်ထားတာပါ။

နှစ်သင်းစလုံးက ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အသင်းတွေ ဖြစ်နေပေမယ့် အိမ်ရှင်ဖြစ်တဲ့ ချယ်လ်ဆီးက ဒီပွဲမှာ လီဗာပူးထက် ပိုပြီး အခြေအနေ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့ လီဗာပူးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်တွေ လိုအပ်နေတာကြောင့် ဒီပွဲဟာ သရေရလဒ်နဲ့ပဲ အဆုံးသတ်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၂ လီဗာပူး

Photo Credit: Sooka

 

ဘုန်းမောက်နဲ့ ဘရိုက်တန် (ဗုဒ္ဓဟူးနေ့ မနက် ၁နာရီခွဲ)

ဒီပွဲက လတ်တလောမှာ ခြေစွမ်း အတော်လေး တက်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံကြတဲ့ပွဲပါ။ ဘုန်းမောက်က နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၃ပွဲ အထိ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် သူတို့ ရှုံးခဲ့တဲ့ ၃ပွဲမှာ ၂ပွဲက အာဆင်နယ်နဲ့ မန်စီးတီးတို့လို ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင်လုနေတဲ့ အသင်းတွေကို ရှုံးခဲ့တာပါ။ ဒါ့အပြင် ဘုန်းမောက်က အာဆင်နယ်ကို သရေဖြစ်လုနီးပါး အထိ ယှဉ်ကစားနိုင်ခဲ့သလို လီဗာပူးနဲ့ ဖူလ်ဟမ်တို့လို ကစားရခက်တဲ့ အသင်းတွေကိုပါ အနိုင်ရထားပါတယ်။

တဖက်မှာတော့ ဘရိုက်တန်က နည်းပြချုပ် ဒီဇာဘီရဲ့ ဦးဆောင်မှုနဲ့ အမြင့်ဆုံးခြေစွမ်းကို ရရှိထားပါတယ်။ ဘရိုက်တန်က နောက်ဆုံး ကစားခဲ့တဲ့ ၁၅ပွဲမှာ ၉ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားပြီး သူတို့တွေ ရှုံးထားတာကလည်း အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့လို ကစားရခက်တဲ့ အသင်းတွေပါ။ ဘရိုက်တန်က ခြေရည်တူ (သို့) သူတို့ထက် အင်အားနည်းတဲ့ အသင်းတွေနဲ့ တွေ့ရင် ရလဒ်ကောင်းတွေပဲ ရနေပါတယ်။

ဒါပေမယ့် ဒီတကြိမ် သူတို့ တွေ့ရမယ့်အသင်းက တန်းဆင်းဇုန်ရုန်းအားနဲ့ ကစားလာမယ့် ဘုန်းမောက်ပါ။ ဒါ့အပြင် ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်လို့ ဘုန်းမောက်က ပရိသတ်အားနဲ့ ဘရိုက်တန်ကို ယှဉ်ကစားပါလိမ့်မယ်။ ခြေစွမ်းတက်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲမို့လို့ ဒီပွဲကလည်း သရေရလဒ်နဲ့ပဲ အဆုံးသတ်ဦးမယ်လို့ မြင်ပါတယ်။

ခန့်မှန်းရလဒ် – ဘုန်းမောက် ၂-၂ ဘရိုက်တန်

Photo Credit: Standard

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

လိဒ် ၂-၁ နော်တင်ဟမ် ဖောရက်စ်

လက်စတာ ၁-၂ ဗီလာ