ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် လီဗာပူးက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ၂၀၂၂ခုနှစ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာ ကနေ လီဗာပူးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: The Times

လီဗာပူးက ဒါဝင် နူနက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူခဲ့ပေမယ့် နူနက်ဇ်က လီဗာပူး ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူက ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Timesရဲ့ ဖော်ပြချက်အရ နူနက်ဇ်က လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်လ်ဆီးက နူနက်ဇ်ကို ခေါ်ယူဖို့ လီဗာပူးထံ ချဉ်းကပ်မှုတွေ လုပ်ခဲ့ပြီး လီဗာပူးကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Football Transfer

လီဗာပူးက ဒါဝင် နူနက်ဇ်ဟာ သူတို့အသင်းမှာ အောင်မြင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ ချဉ်းကပ်မှုကို ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပြီး နူနက်ဇ်ကလည်း သူ့အပေါ် ထားတဲ့ ယုံကြည်မှုတွေ အတွက် ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေကာ နူနက်ဇ်က ဒီရာသီမှာ သွင်းဂိုး ၁၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ နူနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ကာရာဘောင်း ဗိုလ်လုပွဲ အဖြစ် အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။