ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ကာ နည်းပြအပြောင်းအလဲ လုပ် ၊ မလုပ် ဆွေးနွေးခဲ့ကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မကြာသေးမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ ဦးဆောင်မှုနဲ့ လည်ပတ်နေပြီး တော့ပ် ဘိုလေက ယခုနှစ် ဘောလုံးရာသီ အစပိုင်းမှာပဲ အသင်းအတွက် ချန်ပီယံလိဂ် ဆုဖလား ယူပေးထားတဲ့ နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဘရိုက်တန်နဲ့အတူ နာမည်ကြီးနေတဲ့ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

 

Photo Credit: Football London

ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို သူတို့အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ အတွက် ဘရိုက်တန်ထံ စုစုပေါင်း လျော်ကြေးငွေ ပေါင် ၃၀သန်း နီးပါး အထိ ပေးချေခဲ့ရပေမယ့် ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးအတွက် ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အပြီးမှာပဲ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာ အထိ ရောက်ရှိခဲ့ရပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၂ ဗီလာ ပွဲအပြီးမှာ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ကာ ပေါ်တာရဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး တော့ပ် ဘိုလေ အပါအဝင် ချယ်လ်ဆီးရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေက ပေါ်တာကို ယုံကြည်နေဆဲ ဖြစ်ပေမယ့် ပေါ်တာရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဘုတ်အဖွဲ့က ပေါ်တာကို ထောက်ခံနေဆဲ ဖြစ်ပေမယ့် ရလဒ်ပိုင်း ဆိုးရွားနေမှုကြောင့် ပေါ်တာရဲ့ အခြေအနေကို ပြန်လည် သုံးသပ်နေသလို တဖက်မှာ ဘိုင်ယန်မြူးနစ် ကနေ မထင်မှတ်ပဲ ထုတ်ပယ်ခံထားရတဲ့ နစ်ဂယ်စမန်းကို ခေါ်ယူခွင့် ရှိနေတာကြောင့် ကြားရက်မှာ ကစားရမယ့် လီဗာပူးနဲ့ပွဲမှာသာ ဆက်ရှုံးခဲ့မယ် ဆိုရင် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ကာ နစ်ဂယ်စမန်းကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးနဲ့ နီးစပ်သူတွေကလည်း ဘုတ်အဖွဲ့ဟာ ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားကြသလို နစ်ဂယ်စမန်းရဲ့ အေးဂျင့်နဲ့ ချယ်လ်ဆီးရဲ့ ကြားထဲမှာ ဆက်ဆံရေးကောင်းတွေ ရှိနေကြောင်း ထုတ်ပြောထားကြပါတယ်။