လီဗာပူးလ်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စရပ်တွေ ဆွေးနွေးနေလျက်ရှိတဲ့ ကွင်းလယ်ကစားသမား မေဆန်မောင်ကို စိတ်ဝင်စားလို့နေပြီး ကစားသမားနဲ့ ကလပ်အသင်းတို့ကြားက စာချုပ်အခြေအနေကိုလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sports Illustrated

ချယ်လ်ဆီးအသင်းဟာ စာချုပ်သက်တမ်း (၁၈)လသာ ကျန်ရှိနေတော့တဲ့ အကယ်ဒမီထွက် ကစားသမား မေဆန်မောင့်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းလျက် ရှိနေသလို အသက်(၂၄)အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူကိုလည်း လီဗာပူးလ်က စိတ်ဝင်စားနေတယ်လိုပ The Guardian ကနေ ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ မောင့်ကို အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာကြောင့် နှစ်ရှည်စာချုပ်တစ်ရပ်ပါ ထပ်တိုးချုပ်ဆိုသွားဖို့ လုပ်ဆောင်နေပေမယ့် မောင့်ကိုတော့ လီဗာပူးလ်အပြင် စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်ကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်လာခဲ့ပါတယ်။

Photo Credit : The Transfer Tavern

၂၀၀၅ခုနှစ်ကတည်းက ချယ်လ်ဆီးကို ရောက်ရှိနေခဲ့တဲ့ မေဆန်မောင့်ဟာ ဗွီတက်ဆီ ဒါဘီကောင်တီတို့မှာ အငှားနဲ့ ကစားပြီးနောက် ချယ်လ်ဆီးစီနီယာအသင်းမှာ ပုံမှန်နေရာရလာခဲ့သူလည်းဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၁၈၆)ပွဲကစား (၃၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်ဆက် ပိုင်ဆိုင်ထားတဲ့ မောင့်ဟာ ချယ်လ်ဆီးမှာ တစ်ပတ်ကို ပေါင်(၇၅၀၀၀)သာ ရရှိနေပြီး ဒီပမာဏက တခြားသော ချယ်လ်ဆီးကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးလွန်းနေတာဖြစ်လို့ စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့အတွက် မောင့်က သူ့လုပ်ခလစာကို တိုးမြှင့်တောင်းဆိုထားရာ လက်ရှိအချိန်ထိတော့ ဆွေးနွေးနေရဆဲသာ ဖြစ်နေပါတယ်။ ဒီအချိန်မှာ လာမယ့်နွေရာသီအတွင်း ကွင်းလယ်ပိုင်းကို အဓိက ပြင်ဆင်သွားဖို့ အစီအစဉ်ရှိနေတဲ့ လီဗာပူးလ်အသင်းက မေဆန်မောင့်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်လာခဲ့ပြီး တကယ်လို့ သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ရင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဂျုဗင်တပ်စ်အသင်းကလည်း မေဆန်မောင့်ကို စိတ်ဝင်စားလို့နေပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်လို့ ရလာခဲ့မယ်ဆိုရင် လီဗာပူးလ်နဲ့အပြိုင် ကမ်းလှမ်းဖွယ်ပါ ရှိလာနိုင်ပါတယ်။