ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ မေဆန်မောင့် အတွက် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် ၅၅သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် စာချုပ်သစ် ချုပ်ဖို့ ငြင်းဆန်ထားပါတယ်။

Photo Credit: Mirror

မေဆန်မောင့်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး အရည်အသွေးမြင့် ကွင်းလယ်လူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်ကို တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီး မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်တော့မှာပါ။

Photo Credit: Talksport

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်ရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ဖြစ်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း + အပိုဆုကြေး ပေါင် ၅သန်း ဆိုတဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပေမယ့် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၈သန်း + အပိုဆုကြေး ပေါင် ၇သန်း ရရှိမယ် ဆိုရင် မေဆန်မောင့်ကို ရောင်းချသွားမယ်လို့ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် အကြောင်းကြားခဲ့ကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။