ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ယခုရက်ပိုင်းမှာ သတင်းတွေ ထွက်နေသလို ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းနဲ့ စာချုပ်သက်တမ်း တိုးရင်တိုး ၊ မတိုးရင် ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်မယ်လို့ အသိပေးထားပါတယ်။

Photo Credit: Team Talk

ပီအက်စ်ဂျီက အမ်ဘာပေကို ရောင်းထုတ်မယ်လို့ တရားဝင် အသိပေးခဲ့ပြီးနောက် ဥရောပ နာမည်ကြီးအသင်း အတော်များများက အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာသလို အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေမှာ ချယ်လ်ဆီးလည်း ပါဝင်ခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက သူတို့အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူတို့အသင်းက ချမှတ်ထားတဲ့ စီမံကိန်းအတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Express

ပိုချက်တီနိုက – “ကျွန်တော်တို့က ကိုယ့်ရဲ့ အရှိတရားအတိုင်းပဲ အလုပ် ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ အရှိတရားက ဒီကိစ္စနဲ့ (အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမယ့်ကိစ္စ) ကွဲပြားပါတယ်။ ဒါကြောင့် ကျွန်တော့်ဘက်က ဒီကိစ္စအပေါ် အများကြီး ထပ်ပြောစရာ မရှိပါဘူး။ ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ နှစ်ဖက်စလုံး အဆင်ပြေမယ့် ဖြေရှင်းချက် တခု ရဖို့တော့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က ပီအက်စ်ဂျီရဲ့ ကစားသမားရော ၊ နည်းပြရော ဖြစ်ခဲ့တာကြောင့် ပီအက်စ်ဂျီကို ချစ်ပါတယ်။ ပြီးတော့ ကျွန်တော်က ကိုင်လီယန်ကိုလည်း ချစ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က ကိုင်လီယန် အမ်ဘာပေအတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်းနဲ့ ကမ်းလှမ်းမှု လုပ်ထားသလို အမ်ဘာပေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိအောင် ကြိုးစားနေပါတယ်။