ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဝါရင့် နောက်ခံကစားသမားကြီး သီယာဂို ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်လီအသင်းရဲ့ ဆယ်ကျော်သက် နောက်ခံကစားသမားလေး လယ်နီ ယိုရိုကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Evening Standard ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗားဟာ လာမယ့် ဇွန်လမှာပဲ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်လ်ဆီးဘက်ကလည်း ဆေးလ်ဗားကို သက်တမ်းမတိုးတော့ပဲ အသင်းကနေ လက်လွတ်လိုက်ဖွယ်သာ ရှိနေပါတယ်။

Photo Credit : We Ain’t Got No History

ဒါကြောင့် ချယ်လ်ဆီးက ဆေးလ်ဗားနေရာအတွက် အစားထိုး ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ပါ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ဖြစ်နေရတဲ့ အသက် (၁၈)နှစ်အရွယ် လိုင်လီအသင်းရဲ့ ပြင်သစ် နောက်ခံကစားသမားလေး ယိုရိုကို ဦးစားပေး ပစ်မှတ်ထားလို့နေပါတယ်။

အရပ် (၆)ပေနဲ့ (၃)လက်မအထိ မြင့်မားပြီး အရပ်အမောင့် မြင့်မားလှတဲ့ ခံစစ်ကစားသမားလေး ယိုရိုဟာ လိုင်လီ လူငယ် အကယ်ဒမီကို ၂၀၁၇ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်ခန့်အကြာမှာ လိုင်လီ စီနီယာအသင်းကြီးအတွက် စတင် ပွဲထွက် ကစားခွင့်တွေ ရရှိလာခဲ့ပါတယ်။

Photo Credit : Evening Standard

အခုဆိုရင် ယိုရိုက လိုင်လီအသင်းရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်လာရုံမကပဲ ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက်တို့လို ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ရရှိနေပြီး ချယ်လ်ဆီးအသင်းကပါ ဆေးလ်ဗားနေရာမှာ အစားထိုးဖို့ ယိုရိုကို အလိုရှိလာခဲ့ပါတယ်။

လက်ရှိမှာ ယိုရိုဟာ လိုင်လီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့မှာဖြစ်လို့ လိုင်လီအနေနဲ့ ယိုရိုကို လာမယ့်နွေမှာပဲ အသင်းကနေ ရောင်းထုတ်ရဖွယ် ရှိနိုင်တဲ့အတွက် ဒီကစားသမားလေးကို ရီးယဲလ် ယူနိုက်တက်တို့နဲ့အပြိုင် ချယ်လ်ဆီးကလည်း ကမ်းလှမ်းဖို့ ရှိနေပါတယ်။