ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်လည်းဖြစ်သလို အသင်းဥက္ကဌလည်းဖြစ်တဲ့ တော့ဒ်ဘိုလီဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အားကစားဒါရိုက်တာဖြစ်သူနဲ့ တွေ့ဆုံခဲ့ရင်း အသင်းကနေ အလိုမရှိတော့တဲ့ ကစားသမားတွေကို ဆော်ဒီလိဂ် ကလပ်အသင်းတွေဆီ ရောင်းချဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေမှာလည်း အသင်းက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ကူလီဘလီနဲ့ ဂိုးသမား မန်ဒီတို့ကို ဆော်ဒီကလပ်တွေဆီ ရောင်းထုတ်ခဲ့သလို သူတို့အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားတဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေပါ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : The Sun

အခုလည်း ချယ်လ်ဆီးအသင်းက အသင်းမှာ အံ့ဝင်ခွင်ကျ မဖြစ်တော့တဲ့ ကစားသမားတွေနဲ့ အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်တော့တဲ့ ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့အတွက် ဆော်ဒီလိဂ်က တာဝန်ရှိသူနဲ့ အခုလို တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ချယ်လ်ဆီးအသင်းက ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ညှိစွန်းခြင်း မရှိစေဖို့အတွက် ဥရောပ ဘောလုံးသမားတွေကို ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူတက်တဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေဆီ သူတို့ ကစားသမားတွေကို ရောင်းထုတ်သွားချင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit : SPORTbible

လက်ရှိ ချယ်လ်ဆီးအသင်း ရှင်းထုတ်သွားချင်နေတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး လူကာကူ ၊ ဂိုးသမား ကယ်ပါ ၊ တိုက်စစ်ကစားသမား ဘရိုဟာ ၊ နောက်ခံလူ ချာလိုဘာ ၊ ဘယ်နောက်ခံကစားသမား ကူကူရယ်လာနဲ့ တောင်ပံကစားသမား စတားလင်းတို့လည်း ပါဝင်နေပါတယ်။

ဒီကစားသမားတွေထဲက တော်တော်များများကတော့ ချယ်လ်ဆီးကနေ ထွက်ခွာဖြစ်ရင်တောင်မှ ဥရောပ ကလပ်အသင်းတွေမှာသာ ဆက်လက် ကျင်လည်သွားဖို့ အစီအစဉ် ရှိနေပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသူက များနိုင်တာကြောင့် ချယ်လ်ဆီးအနေနဲ့ သူရဲ့ ကစားသမားတွေကို ဆော်ဒီထံ ထပ်ပို့ဖို့က ခက်ခဲနိုင်ပါတယ်။